AD
AD
AD
play

 

မိုးတိမ်တောင်ဖြစ်စဉ်တွေကြောင့် လေပြင်းတိုက်ခတ်တာတွေနဲ့ မိုးသီးကြွေ၊ မိုးရွာသွန်းမှုတွေ ဖြစ်ပွားခဲ့တာကြောင့် လျော့နည်းသွားတဲ့ နေ့အပူချိန်တွေက ဧပြီလ ၁၁ ရက်နောက်ပိုင်းမှာ ပုံမှန်အတိုင်းပြန်လည် မြင့်တက်လာမယ်လို့ မိုးလေ၀သနဲ့ဇလဗေဒဦးစီးဌာနကနေ သိရပါတယ်။

"ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မိုးတွေရွာလိုက်လို့ အပူချိန်ကတော်တော်လျော့သွားတယ်၊ တချို့ဒေသတွေမှာ ပုံမှန် ၃၉၊ ၄၀ ဒီဂရီလောက်ရှိရမှာကို ၃၀ တို့ ၃၁ တို့ ဖြစ်သွားတယ်၊ ရှစ်ဒီဂရီ၊ ကိုးဒီဂရီလောက်ကျသွားတယ်၊ မြန်မာနိုင်ငံမြောက်ပိုင်းစွန်းနဲ့တောင်ပိုင်းစွန်းဒေသတွေလွဲရင် မိုးလျော့သွားတော့ နေ့အပူချိန်တွေက အရင်ပူထားတဲ့ အရှိန်လောက်ပဲပြန်တက်လာတယ်၊ မိုးရွာပြီးအပူချိန်လျော့သွားတဲ့ အနေအထားကနေ ပြန်ပူလာတော့ လူတွေရဲ့ စိတ်ထဲမှာ ပိုပူလာတယ်လို့ထင်ကြတာပါ"လို့ မိုးဇလဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဓူဝံ မီဒီယာကို ပြောပါတယ်။

မိုးတိမ်တောင်တွေကြောင့် မိုးရွာပြီး အပူချိန်ပြန်လျော့၊ ပြန်တက်မယ့် ဒီလိုပုံစံနဲ့ပဲ မုတ်သုံးဝင်တဲ့အထိသွားဖို့ ရှိနေပြီး လာနီညာရဲ့ သက်ရောက်မှုရှိနေတဲ့ အတွက်ကြောင့် သိသိသာသာ ထပ်ပူလာမယ့် အနေအထားတော့မရှိဘူးလို့ ဆိုပါတယ်။

မဟာသင်္ကြန်ကာလ ဧပြီလ ၁၃ ရက်နေ့ ကနေ ၁၆ ရက်အတွင်း မြန်မာနိုင်ငံဒေသအများစု၌ မိုးရွာသွန်းနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ခန့်မှန်းထားပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်းဒေသကြီး ၊ ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ  မိုးရွာသွန်းနိုင်ချေ အများဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD