AD
AD
AD
play
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း (၁) ကို တွေ့ရစဉ်။

 

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာဝယ်ယူခွင့် လျှောက်ထားမှုမှာ ရောင်းချမယ့် တိုက်ခန်းအရေအတွက် ထက် များပြားနေတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း ရောင်းချမယ့် တိုက်ခန်း အရေအတွက်မှာ ၁၀၀၀ ခန့်သာရှိနေပြီး လျှောက်ထားသူ အရေအတွက်က နှစ်သောင်းခန့် ရှိနေတာကြောင့် စည်းကမ်းသတ်မှတ်ချက်နဲ့ ကိုက်ညီမှု ရှိမရှိ ပြန်လည်စိစစ်တာ၊ မဲနှိုက်ရွေးချယ်တာတွေ ပြုလုပ်မယ်လို့ ပြည့်သူ့အိမ်ရာ ရောင်းချရေးကော်မတီဝင် ဦးညီညီက ပြောပါတယ်။

“သင်္ကြန်အပြီးလောက်မှာတော့ ကော်မတီအစည်းအဝေးခေါ်ပြီး ရန်ကုန်တိုင်းလေးခရိုင်လုံးမှာ စောင်ရေအတိအကျ ဘယ်လောက်ရှိလဲဆိုတာ စိစစ်သွားမယ်။ သတ်မှတ်ချက်ပါ စည်းမျဉ်းနဲ့ ကိုက်ညီတာကို အရင်ဆုံးရွေးထုတ်မယ်။ ပြီးရင် ကော်မတီဝင်အားလုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်မယ်။ ပေးသင့်တဲ့သူများနေရင် မဲနှိုက်ရွေးချယ်တဲ့စနစ် သုံးဖြစ်မယ်"လို့ ဦးညီညီက ဓူဝံမီဒီယာကို ပြောပါတယ်။

အဆိုပါ အိမ်ရာလျှောက်ထားသူ နှစ်သောင်းခန့်မှာ ၁၀၀၀ လောက်သာ အိမ်ရာဝယ်ယူခွင့်ရရှိနိုင်မှာ ဖြစ်ပြီးကျန်တဲ့သူတွေ အနေနဲ့ နောက်ထပ် အိမ်ရာလျှောက်ထားမှုမှာ လျှောက်လွှာတင်စရာမလိုတော့ဘဲ ဦးစားပေးစာရင်းထဲ ပါရှိမှာ ဖြစ်တယ်လို့ ဦးညီညီက ဆက်ပြောပါတယ်။

play
ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း (၁) ကို တွေ့ရစဉ်။

 

ဖေဖော်ဝါရီလ ၁၅ ရက်ကနေ မတ်လ ၃၀ ရက်အထိ အိမ်ရာ ၀ယ်ယူခွင့်လျှောက်လွှာတွေကို ရောင်းချခဲ့ပြီး လျှောက်ထားသူတွေအနေနဲ့ အိမ် (ဒါမှမဟုတ်) မြေပိုင်ဆိုင်မှု မရှိကြောင်း နေထိုင်တဲ့ မြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ရဲ့ ထောက်ခံချက် ပါရှိရမှာ ဖြစ်ပါတယ်။

လျှောက်လွှာတွေမှာ များပြည်သူ၊ ဝန်ထမ်း၊ အငြိမ်းစားနှင့် ကုမ္ပဏီဝန်ထမ်း ဆိုပြီး လေးမျိုးခွဲခြားထားပြီး ဝယ်ယူလိုသူတွေအနေနဲ့ အသက်(၂၃)နှစ် ပြည့်ပြီး မြန်မာနိုင်ငံသားဖြစ်ရမှာ ဖြစ်ပြီး အိမ်ထောင်စုတစ်ခု မှာ တစ်ဦးသာ လျှောက်ထားခွင့်ရှိတာဖြစ်ပါတယ်။ 

လျှောက်ထားသူရဲ့ မိသားစုပျမ်းမျှလစဉ်ဝင်ငွေ ကျပ်သုံးသိန်းကနေ ၁၂ သိန်းအထိ ရှိရပြီး တိုက်ခန်းတန်ဖိုးကို တစ်ကြိမ်တည်း အကျေပေးသွင်း မှု၊ ဘဏ်ချေးငွေနဲ့ အများဆုံး ၁၅ နှစ်ပေးချေတဲ့စနစ်နဲ့ ဝယ်ယူနိုင်တယ်လို့ ပြည်သူ့အိမ်ရာရောင်းချရေးကော်မတီ ကနေ သိရပါတယ်။

ရန်ကုန်တိုင်းအတွင်း ရောင်းချမယ့် အိမ်ရာတွေမှာ ဒဂုံမြို့သစ်တောင်ပိုင်းရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း (၁)၊ (၂)၊ ကနောင်အိမ်ရာ၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊ လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊ ထီးလှိုင်အိမ်ရာ၊ ရွှေပြည်သာမြို့နယ်ရှိ Shop House နဲ့ မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံအိမ်ရာတို့ ဖြစ်ပါတယ်။

Photos : Wai Linn

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD