AD
AD
AD
play


ပဲခူးမြို့၊ ဝါးမရမ်းကျေးရွာနားမှာ အမျိုးသမီးတစ်ဦးကို ဓားနဲ့ထိုးသတ်ပြီး ဦးခေါင်းကို မီးရှို့ခဲ့သူတွေကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆိုင်ကယ်ကယ်ရီသမားအသွင်ယူပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ပဲခူးမြို့အမှတ် (၃) ရဲစခန်းကနေ သိရပါတယ်။

ဝါးမရမ်းကျေးရွာ၊ အပြည်ပြည်ဆိုင်ရာ ဟံသာဝတီလေယာဉ်ကွင်းစီမံကိန်းနားမှာ ဧပြီ ၆ ရက်၊ မနက်(၆)နာရီခန့်က အမျိုးသမီးတစ်ဦးမှာ ခန္ဓာကိုယ်အပေါ်ပိုင်း ဓားဒဏ်ရာတွေနဲ့ ဦးခေါင်းမီးရှို့ခံထားရပြီး သေဆုံးနေတာကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

စုံစမ်းမှုတွေအရ အဆိုပါ အမျိုးသမီးက ရှင်ဆောင်းအထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေတဲ့ အသက်(၃၅)နှစ်အရွယ် အလုပ်သမားတစ်ဦးဖြစ်ပြီး စက်ရုံမှယာဉ်မောင်း(၂)ဦးကို မသင်္ကာလို့ ဆိုင်ကယ်ကယ်ရီသမားအသွင် ထောက်လှမ်းပြီး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

“ ဒီကောင်တွေက စက်ရုံကားမောင်း တဲ့သူတွေလေ။ အဲဒီတော့ ကျွန်တော်တို့ အရပ်ဝတ်နဲ့ ဆိုင်ကယ်ကယ်ရီသမားအယောင်ဆောင်ပြီး စောင့်ကြည့် ဖမ်းဆီးလိုက်တာပါ။ သူတို့ကိုစစ်ဆေးကြည့်တော့ သူတို့ဝန်ခံပြီး ကောင်မလေးဆီကယူဆောင်ထားတဲ့ ရွှေ၊ ငွေ တွေ ပြန်ရပါတယ်။ လူမှုရေးကြောင့် သတ်ရတယ်လို့ သိရတယ်။ တရားစွဲဆိုနိုင်ရေးအတွက် ဆောင်ရွက်နေပါ တယ်"လို့ ပဲခူးမြို့၊ အမှတ်(၃)ရဲစခန်းမှ စခန်းမှူး ရဲအုပ် ဆန်းဝင်းသန်းက ပြောပါတယ်။

အထည်ချုပ်စက်ရုံအလုပ်သမား အမျိုးသမီးကို သတ်ဖြတ်သူလို့ ယူဆရသူ ယာဉ်မောင်းမင်းကိုသက်(ခ)ပြောင် ကြီး၊ အသက်(၂၅)နှစ်နှင့် ပြည့်စုံ(ခ)ဖြိုးဝေ၊ အသက်(၂၇)နှစ်တို့အား ရဲတပ်ဖွဲ့က ဧပြီ ၈ ရက်၊ မနက်ပိုင်းမှာ ပဲခူးမြို့မှာ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သူတို့နှစ်ဦးကို ပဲခူးမြို့ အမှတ်(၃)ရဲစခန်းက (ပ)၂၆၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD