AD
AD
AD
play

 

လွပ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါတဲ့ တမတ်သားစံချိန်မီရွှေဒင်္ဂါးတွေကို ထုတ်လုပ်ရောင်းချသွားမယ်လို့ မြန်မာနိုင်ငတော် ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုထပ်မံရောင်းချမယ့် တမတ်သားရွှေဒင်္ဂါးရဲ့ အချင်းက ၁၈ ဒသမ သုညမီလီမီတာ၊ အထူမှာ ၁ ဒသမ သုည မီလီမီတာရှိပါတယ်။ ဒင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့  ပုံရဲ့အောက်မှာ Aung San အမည်ပါရှိတယ်လို့ဆိုပါတယ်။ ဒင်္ဂါးရဲ့ အနားပတ်လည်မှာ "Central Bank of Myanmar"၊ "4.082 gm 999.9 Fine Gold"စာသားကို အင်္ဂလိပ်စာလုံးနဲ့ ဖော်ပြထားပြီး တခြားတစ်ဖက် မျက်နှာပြင်မှာ''မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၂ဝ၁၈၊ ၁ မတ်သား၊ ၉၉၉ ဒသမ ၉ သန့်စင်ရွှေ''လို့ မြန်မာစာလုံးနဲ့ ဖော်ပြထားတယ်လို့ သိရပါတယ်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တကျပ်သား၊ ငါးမူးသား၊ တမတ်သား စံချိန်မီ ရွှေဒင်္ဂါးတွေကို ၁၉၉၁ ခုနှစ်ကနေ စတင်ထုတ်ဝေခဲ့ပြီး ပြည်သူတွေ ဝယ်ယူမှုများပြားတဲ့ တစ်မတ်သားရွှေဒင်္ဂါးက လက်ကျန်မရှိတော့လို့ အသစ်သွန်းလောင်း ထုတ်ဝေတာလို့ ဗဟိုဘဏ်ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တမတ်သားရွှေဒင်္ဂါးဝယ်ယူတဲ့အခါမှာ ရွှေဒင်္ဂါးပြားနဲ့ အတူ ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ သွန်းလောင်းတဲ့ ဌာနအကြီးအကဲတို့ရဲ့ မှန်ကန်ကြောင်း ထောက်ခံချက်တွေ တစ်ပေါင်းတည်းပါရှိမှာ ဖြစ်ပါတယ်။

တမတ်သားရွှေဒင်္ဂါးပြားကို မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရဲ့နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာရှိတဲ့ အရောင်းဆိုင်တွေမှာ နေ့စဉ်ပေါက်ဈေးအပေါ် အလျော့တွက်နဲ့ ကုန်ကျစရိတ် ကျပ် ၁၂၅ဝဝ ထပ်ပေါင်းတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD