AD
AD
AD
play

 

နိုင်ငံ့ဝန်ထမ်းတွေအတွက် လစာနှုန်းထားတိုးမြှင့်တာကို ၂၀၁၈ ဧပြီလကနေစပြီး စတင်ခံစားခွင့်ရှိမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ဧပြီ ၂၉ ရက်မှာ အမိန့်ကြော်ငြာစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်သမ္မတဦးဝင်းမြင့်က မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ပြောကြားခဲ့တဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာ နိုင်ငံဝန်ထမ်းတွေရဲ့လစာကို တိုးမြှင့်ပေးမယ်လို့ ပြောကြားခဲ့ပြီးနောက်ပိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဝန်ထမ်းလစာ တိုးမြှင့်ပေးရာမှာ အမှုထမ်းတစ်ဦးကို ၂၀ ရာခိုင်နှုန်းစီ တိုးမြှင့်မှာဖြစ်တာကြောင့် အနည်းဆုံးလစာ ကျပ် ၁၂၀,၀၀၀ ရရှိသူက ၂၄,၀၀၀ တိုးပြီး ကျပ် ၁၄၄,၀၀၀ ရရှိမှာဖြစ်ကာ အရာထမ်းတစ်ဦးကို ၁၀ ရာ ခိုင်နှုန်းစီ တိုးမြှင့်မှာဖြစ်လို့ အများဆုံး ကျပ် ၅၀၀,၀၀၀ ရရှိသူက ကျပ် ၅၅၀,၀၀၀ ရရှိမှာ ဖြစ်ပါတယ်။

နိုင်ငံပြုပြင်ပြောင်းလဲရေးကိစ္စတွေမှာ တာဝန်ယူမှုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဝန်ထမ်းတွေ စားဝတ်နေရေးနဲ့ လူနေမှုအဆင့်အတန်း အထိုက်အလျောက် မြှင့်တင်ပေးဖို့ ရည်ရွယ်ပြီး ဧပြီ ၂၅ ရက်မှာပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ လစာတိုးမြှင့်တာကို အတည်ပြုဆုံးဖြတ်ခဲ့တယ်လို့ အဆိုပါအမိန့်စာမှာ ဖော်ပြထားပါတယ်။

play
လုပ်ငန်းခွင်ဝင်ရန် ပြင်ဆင်နေသည့် ပုဂ္ဂလိက ၀န်ထမ်းများကို ဧပြီလ ၂၉ ရက်နေ့က မင်္ဂလာဒုံမြို့နယ်တွင် တွေ့ရစဉ်။

 

အဆိုပါအမိန့်စာက အစိုးရ၀န်ထမ်းတွေအတွက်သာဖြစ်ပြီး ပုဂ္ဂလိက ၀န်ထမ်းတွေအတွက်သတ်မှတ်ထားတဲ့ အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ ပေးအပ်ရမယ်ဆိုတဲ့ ထုတ်ပြန်ချက်ကိုလည်း အမြန်ဆုံးထုတ်ပြန်သင့်တယ်လို့ အလုပ်သမားအခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

"လစာတိုးတယ်ဆိုတာက ပုဂ္ဂလိက၀န်ထမ်းတွေမပါသေးဘူး၊ ဒီအတွက်ကြေညာချက်အမြန်ဆုံးထွက်သင့်တယ်လို့ယူဆတယ်။ အလုပ်သမားတွေဘက်ကလည်းတောင်းဆိုမှုတွေရှိနေတယ်။ ပေးတဲ့အလုပ်ရှင်တွေကလည်းပေးနေပြီ၊ ကြေညာချက်ထွက်မှ ၄၈၀၀ ရမယ်ဆိုတာ နားလည်သူရှိသလို နားမလည်သူတွေလည်းအများကြီးပဲ၊ မလိုအပ်ဘဲသပိတ်မှောက်တောင်းဆိုမှုတွေ ဖြစ်လာရင် လုပ်ငန်းခွင်တည်ငြိမ် အေးချမ်းသာယာရေးကို အများကြီးထိခိုက်မှုတွေ ဖြစ်လာနိုင်တယ်"လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်(CTUM) ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မခိုင်ဇာအောင်က ပြောပါတယ်။

 

နိုင်ငံ့ဝန်ထမ်းတွေအတွက် လစာတိုးမြှင့်ပေးတာကို ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရသက်တမ်း ငါးနှစ်အတွင်း သုံးကြိမ်ပြုလုပ်ပေးခဲ့ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်တိုးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD