AD
AD
AD
play

 

မကွေးတိုင်းဒေသကြီး ပခုက္ကူ မြို့မှာ မေလ ၁၆ ရက်နေ့က တစ်သောင်းတန် ငွေစက္ကူအတုအရွက်ရေ (၁၀၃၅) ရွက် ဖမ်းဆီးရမိခဲ့တယ်လို့ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။

ဒီလိုဖမ်းဆီးရမိတဲ့ ဖြစ်စဉ်က မေလ ၁၅ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်ရှိ စားသောက်ဆိုင် တစ်ဆိုင်မှာ အောင်ဆန်းဝင်းဆိုသူကို ဖမ်းဆီးစစ်ဆေးရာတာကနေ ငွေစက္ကူ အတုရွက်ရေ ၃၀၀ ဖမ်းဆီးရမိခဲ့ပြီး ကွင်းဆက်စစ်ဆေးမှုတွေအရ ပခုက္ကူမြို့နယ် အမှတ် (၆) ရပ်ကွက် ၉ လမ်းရှိ ဦးကိုလေးရဲ့ နေအိမ်မှာ တည်းခိုနေထိုင်နေတဲ့ ကျော်ဟိန်းဆိုသူဆီကနေ ငွေစက္ကူအတုတွေကို ဝယ်ယူခဲ့ တယ်လို့ ထွက်ဆိုခဲ့တာကြောင့် ဦးကိုလေးရဲ့ နေအိမ်ကိုရှာဖွေတာကနေ ကျော်ဟိန်းထံမှ တစ်သောင်းတန် ငွေစက္ကူအတု ရွက်ရေ တစ်ထောင်ကျော်ကို ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။

အဆိုပါငွေစက္ကူအတုတွေကို ကျော်ဟိန်းဆိုသူက အိန္ဒိယနိုင်ငံ မိုရေးမြို့တွင်နေထိုင်တဲ့ ကသည်းလူမျိုးတစ်ဦးထံက ကျပ်တစ်သိန်းလျှင် ကျပ်သုံးသောင်းနှုန်းနဲ့ ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ The Voice နေ့စဉ်ထုတ်သတင်းစာမှာ ဖော်ပြထားပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တရားခံ အောင်ဆန်းဝင်းကို မဟာအောင်မြေမြို့နယ် မြို့မစခန်းက (ပ) ၃၁၄။၁၈ ဗဟိုဘဏ် ဥ ပဒေပုဒ်မ ၁၀၅၊ ၁၀၆ အရ အမှုဖွင့်စစ်ဆေးလျက်ရှိပြီး အိမ်ရှင်ဦးကိုလေးနဲ့ ကွင်းဆက်တရားခံ ကျော်ဟိန်းတို့ကို ပခုက္ကူ မြို့မရဲတပ်ဖွဲ့စခန်းမှာ စစ်ဆေးလျက်နေတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD