AD
AD
AD
play

 

လာမယ့် ဒီဇင်ဘာလမှာစတင်မယ့် ပညာသင်နှစ်ကစတင်ပြီး ကိုယ်ပိုင်အစီအစဉ်နဲ့ ကျောင်းသားခေါ်ယူတဲ့စနစ်ကို တက္ကသိုလ် ၁၁ ခုမှာ ပြောင်းလဲကျင့်သုံးသွားမယ်လို့ ပညာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ယခင်နှစ်တွေကလို တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့ ရွေးချယ်တော့မှာမဟုတ်ဘဲ အဆိုပါ တက္ကသိုလ် ၁၁ ခုကနေ ကျောင်းသားတွေကို တက္ကသိုလ်ဝင်တန်း အမှတ်တစ်ခုတည်းနဲ့ မဟုတ်တော့ဘဲ ရေးဖြေ၊ နှုတ်ဖြေ ပုံစံမျိုးတွေနဲ့ ရွေးချယ်သွားမယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက ဓူဝံ မီဒီယာကို ပြောပါတယ်။

play

 

“ အခုက ဆယ်တန်းအမှတ်တစ်ခုတည်းကို မကြည့်တော့ဘူး။ ဒီတက္ကသိုလ် ၁၁ ခုမှာ တစ်ကျောင်းနဲ့ တစ်ကျောင်းနဲ့တော့ ရွေးချယ်ပုံချင်း တူမှာမဟုတ်ဘူး။ တချို့ကျောင်းတွေက ဆယ်တန်းအမှတ်ကို ၅၀ ရာခိုင်နှုန်းလောက် ထည့်ပြီးတွက်မယ်။ ကျန်တဲ့ ၅၀ က ရေးဖြေ၊နှုတ်ဖြေ ဖြေရတာမျိုးရှိမှာပေါ့။ ဆယ်တန်းအမှတ်စာရင်း လုံးဝမပါတာမျိုးတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ နိုင်ငံတော်အဆင့်စာမေးပွဲက ဆယ်တန်းစာမေးပွဲ တစ်ခုတည်းပဲရှိသေးတော့ ဆယ်တန်းအမှတ်စာရင်းကိုတော့ အခြေခံပြီးတော့ ခေါ်ယူရမှာပါ။ ရာခိုင်နှုန်း နည်းတာနဲ့ များတာပဲ ကွာမှာပါ” လို့ ဒေါက်တာအောင်အောင်မင်းက ပြောပါတယ်။

အဆိုပါ တက္ကသိုလ် ၁၁ ခုက ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်(မန္တလေး)၊ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ်(ရန်ကုန်)၊ သတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် (မန္တလေး)၊ရန်ကုန်စီးပွားရေး တက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နဲ့ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်တို့ ဖြစ်တယ်လို့ သိရပါတယ်။

 

အဆိုပါ တက္ကသိုလ် ၁၁ ခုရဲ့ ၀င်ခွင့်ကို အရင်နှစ်တွေကလို တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်ပါ လျှောက်လွှာမှာ ထည့်မလျှောက်ရတော့ဘဲ တက္ကသိုလ်တွေက နိုင်ငံပိုင် သတင်းစာတွေကတစ်ဆင့် ခေါ်ယူချိန်မှာ တိုက်ရိုက်လျှောက်ထားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြောင်းလဲတဲ့စနစ်ကို ယခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအာင်မြင်ပြီးသူတွေအတွက် အကျုံးဝင်မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD