AD
AD
AD
play

 

အိမ်ကနေ ရွှေဆွဲကြိုးခိုးတယ်ဆိုပြီး အသက် ၄၀ အရွယ် အိမ်အကူ အမျိုးသမီးကိုစွပ်စွဲကာ သေဆုံးအောင်အထိ ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ဥပဒေရဝန်ထမ်း အမျိုးသမီးကို မေလ ၂၁ ရက်က ဖမ်းဆီးအရေး ယူထားတယ်လို့ The Voice သတင်းစာမှာ ဖော်ပြထားပါတယ်။

“အိမ်အကူဖြစ်သူ ကျန်းမာရေး မကောင်းလို့ ပြန်လာပို့တာပါ ပြောသွားတယ်။ အိမ်အကူ ပိုင်ဆိုင်တဲ့ ငွေ တစ်သိန်း ရှစ်သောင်းကျပ်ပါ ရပ်မိရပ်ဖတွေရှေ့မှာ ပေးပြီးတော့မှ အိမ်ရှင်တွေက ပြန်သွားတာ။ သူတို့ပြန်သွားပြီးမှ မကရင်မကို အကြောင်းစုံ မေးမြန်းကြည့်တော့ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခံထားရမှန်း သိခဲ့ရပြီး ဆေးရုံတင်မလို့ ပြင်ဆင်နေချိန်မှာ သေဆုံးသွားရှာတာ”လို့ တွံတေးမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ပြောပါတယ်။

လူသတ်မှုပုဒ်မနဲ့ အမှုဖွင့် အရေးယူခံထားသူ ဒေါ်သိင်္ဂီစုက ပဲခူးခရိုင် ဥပဒေရုံးမှ ဒုဦးစီးမှူးဖြစ်ပြီး အင်းတိုင် သံချပ်ကာတပ်ရင်းရှိ အရာရှိ ရိပ်သာမှာ နေထိုင်သူဖြစ်ကာ မေလ ၁၉ ရက်က အိမ်အကူ ကရင်မ (ခ) မခင်စန္ဒာဦးကို ကျန်းမာရေး မကောင်းဟုဆိုကာ မခင်စန္ဒာဦး နေထိုင်သည့် တွံတေးမြို့နယ်၊ ခတ္တိယကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာသို့ ၎င်းက လာရောက်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

 အိမ်အကူ ကရင်မ (ခ) မခင်စန္ဒာဦးက ဆွဲကြိုးခိုးတယ်လို့ ဒေါ်သိင်္ဂီစုက စွပ်စွဲပြောဆိုပြီး ခြေထောက်နဲ့ကန်ပြီး ကျောက်ပြင်နဲ့ထုတာတွေ ပြုလုပ် ပြုလုပ်ခဲ့လို့ ကရင်မ (ခ) မခင်စန္ဒာဦးရဲ့ ဦးခေါင်း၊ မျက်နှာနဲ့ ရင်ဘတ်တို့မှာ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံသို့တင်ပို့ဖို့ ပြင်ဆင်နေချိန်မှာ သေဆုံးသွားတာကြောင့် ရာအိမ်မှူး ဦးအေးသောင်းက အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူမှာ သားသမီး လေးဦးရှိပြီး လွန်ခဲ့တဲ့ လေးနှစ်ခန့်က ခင်ပွန်းသေဆုံးခဲ့ရာ စီးပွားရေး အဆင်မပြေသလို့ အိမ်အကူလုပ်ကာ မိသားစုကို ထောက်ပံ့နေသူဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူရဲ့ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးချက်အရ ဦးခေါင်း ချိုစောင်းရှိ ဦးနှောက်သွေးကြောများ ပုံမှန်ထက် ဖောင်းကားနေခြင်း၊ ဝမ်းဗိုက်ညိုမည်းစွဲဒဏ်ရာနဲ့ အူတစ်လက်မခန့် ပေါက်ပြဲဒဏ်ရာတွေကို တွေ့ရှိခဲ့ပြီး အဆိုပါ ဒဏ်ရာတွေက လွန်ခဲ့တဲ့ငါးရက်ခန့်က ရရှိခဲ့တဲ့ ဒဏ်ရာတွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တွံတေးမြို့နယ်၊ ခလောက်ချိုက် နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားက ဒေါ်သိင်္ဂီစုမှာ ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် မေလ ၂၁ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Local News


AD