AD
AD
AD
play
စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်း။

 

အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတိုင်ကြားခံထားရတဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းကို စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ အမြန်ဆုံးစစ် ဆေးနေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောလိုက်ပါတယ်။

မေလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ ဦးအောင်ကြည်က မီဒီယာတွေရဲ့မေးမြန်းမှုကို ဖြေကြားခဲ့တာ ဖြစ်ပြီး တိုင်ကြားစာက ကော်မရှင်သို့ မေလ ၃ ရက်မှာ ရောက်ရှိပြီး ၇ ရက်မှာ စတင်စစ်ဆေးခဲ့တယ်လို့ ဒီနေ့ထုတ် 7Day သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

‘‘သက်သေယူရတာရှိတယ်။ သက်သေတွေ စစ်ရတာရှိတယ်။ စာရွက်စာတမ်းတွေ စစ်ရတာရှိတယ်။ အခုဆို ပြီးသလောက်ဖြစ် နေပြီ’’ဟု ဦးအောင်ကြည်က အမှု စစ်ဆေးမှုအခြေအနေကို ရှင်းပြပါတယ်။

လက်ရှိအချိန်မှာတော့ ဦးကျော်ဝင်းက ရာထူးကနေ နုတ်ထွက်စာတင်ထားပြီး ပြည်ပသို့ ခရီးမသွားဖို့ တားမြစ်ခံထားရကြောင်း သတင်းများတွေထွက်ပေါ်နေပါတယ်။

play
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်။

 

‘‘စစ်ဆေးတယ်ဆိုတာက တရားရုံးမှာ စစ်ဆေးသလို အပြစ် ရှိလို့၊ တရားစွဲလို့ စစ်ဆေးတာမျိုး မဟုတ်သေးပါဘူး။ တိုင်ကြားတဲ့ သူက တိုင်ကြားလို့ ဒီတိုင်ကြား ချက်တွေက မှန်သလား၊ မမှန်ဘူး လား စစ်ဆေးတဲ့သဘောပဲရှိသေး တယ်။ ဒါကြောင့်မို့ တိုင်ကြားတဲ့ သူရော၊ တိုင်ကြားခံရတဲ့သူရော သူတို့တွေရဲ့ ဂုဏ်သိက္ခာအရ ထုတ်ပြောလို့ မရပါဘူး’’လို့ ဦးအောင်ကြည်က ပြောပါတယ်။

လက်ခံရရှိထားတဲ့ တိုင်ကြားချက်တွေ မှန်ကန် မှုရှိ၊ မရှိ စစ်ဆေးနေပြီး အမှုဖွင့်တဲ့ ရဲစခန်းသို့ ရောက်ရှိမှပဲ ဖြစ်စဉ်ကို ပြည့်ပြည့်စုံစုံ ထုတ်ပြန်မယ်လို့ ဆိုပါတယ်။

ရာထူးငယ်သူများ အဂတိလိုက်စားပါက မှုခင်းသေးငယ်ရင် အဂတိဥပဒေနဲ့ အရေးမယူဘဲ နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့ ထိရောက်စွာ အရေးယူနိုင်ဖို့ လွှဲ ပြောင်းပေးကြောင်း ဦးအောင်ကြည်က ပြောပါတယ်။

သမ္မတ ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်တဲ့အချိန်မှာ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကို စိတ်အားထက်သန်ပြီး သမ္မတဖြစ်လာတဲ့အချိန်မှာလည်း အဂတိလိုက်စားမှုတွေကို အရှိန်မြှင့်တိုက်ဖျက်မယ်လို့ ကြွေးကြော်ထားတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD