AD
AD
AD
play

 

အိမ်ကနေ ရွှေဆွဲကြိုးခိုးတယ်ဆိုပြီး အသက် ၄၀ အရွယ် အိမ်အကူ အမျိုးသမီးကိုစွပ်စွဲကာ သေဆုံးအောင်အထိ ရိုက်နှက်နှိပ်စက်ခဲ့တဲ့ ဥပဒေရဝန်ထမ်း အမျိုးသမီးကိုအမှုဖြစ်စဉ်ကို စောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဝင် ဦးယုလွင်အောင်က ပြောပါတယ်။

လက်ရှိအချိန်အထိတော့ အဆိုပါဖြစ်စဉ်နဲ့ ပတ်သက်ပြီး တိုင်ကြားစာမရောက်သေးတာကြောင့် စောင့်ကြည့်နေဆဲဖြစ်ပြီး လိုအပ်တာရှိရင် ကူညီဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီမှာ တိုင်စာလည်း မရောက်သေးဘူး။ အစအနလည်း ဘာမှ မရသေးဘူး။ ဘယ်သူမှ မတိုင်သေးဘူး။ သတင်းကြားတာမျိုးဖြစ်ဖြစ်၊ ဖေ့စ်ဘွတ်ခ်ကနေ သတင်းရတာမျိုးပဲ ဖြစ်ဖြစ်၊ တိုင်စာရတာပဲဖြစ်ဖြစ်၊ မီဒီယာမှာ ဂျာနယ်တွေမှာပါရင် ကျွန်တော်တို့သိရင် လုပ်တာပေါ့။ ပါးစပ်ပြောနဲ့ကျတော့ အထောက်အထားမရှိဘဲ လုပ်လို့မရဘူး။ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းလေ့လာနေတယ်။ အထောက်အထားမှန်ကန်တယ်ဆို ၀င်ရောက် ကူညီသွားမယ်"လို့ ဦးယုလွင်အောင်က ဓူဝံ မီဒီယာကို ပြောပါတယ်။

အင်းတိုင် သံချပ်ကာတပ်ရင်းရှိ အရာရှိရိပ်သာမှာ နေထိုင်သူဖြစ်တဲ့ ဥပဒေ၀န်ထမ်း ဒေါ်သိင်္ဂီစုက မေလ ၁၉ ရက်မှာ အိမ်အကူ ကရင်မ (ခ) မခင်စန္ဒာဦးကို ကျန်းမာရေး မကောင်းဟုဆိုကာ မခင်စန္ဒာဦး နေထိုင်သည့် တွံတေးမြို့နယ်၊ ခတ္တိယကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာသို့ ၎င်းက လာရောက်ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အိမ်အကူ ကရင်မ (ခ) မခင်စန္ဒာဦးက ဆွဲကြိုးခိုးတယ်လို့ ဒေါ်သိင်္ဂီစုက စွပ်စွဲပြောဆိုပြီး ခြေထောက်နဲ့ကန်ပြီး ကျောက်ပြင်နဲ့ထုတာတွေ ပြုလုပ် ပြုလုပ်ခဲ့လို့ ကရင်မ (ခ) မခင်စန္ဒာဦးရဲ့ ဦးခေါင်း၊ မျက်နှာနဲ့ ရင်ဘတ်တို့မှာ ဒဏ်ရာတွေ ရရှိခဲ့ပြီး ဆေးရုံသို့တင်ပို့ဖို့ ပြင်ဆင်နေချိန်မှာ သေဆုံးသွားတာကြောင့် ရာအိမ်မှူး ဦးအေးသောင်းက အမှုဖွင့်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဖြစ်စဉ်ကို တွံတေး မြို့နယ် ခလောက်ချိုက်နယ်မြေ ရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂ (လူသတ်မှု)နဲ့ အမှုဖွင့်ထားပြီး ဥပဒေအရာရှိ အမျိုးသမီးကို ရမန်ယူပြီး ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD