AD
AD
AD
play

 

ဇွန်လ ပထမ ၁၀ ရက်အတွင်း ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ပြီး မုန်တိုင်းငယ်အဆင့်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနကနေ သိရပါတယ်။

အဆိုပါ မုန်တိုင်းငယ်က ဘင်္ဂလားဒေရှ့်နိုင်ငံကို ၀င်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပြီး ရခိုင်ကမ်းရိုးတန်းအနီး ကပ်လျက် အနေအထားမှာ ရှိနေတာကြောင့် ဇွန်လ ၈ ရက် ကနေ ၁၀ ရက်နေ့အတွင်း ရခိုင်ကမ်းရိုးတန်းအနီးတစ်ဝိုက်မှာ လေပြင်းတိုက်ခတ်တာ၊ မိုးရွာသွန်းတာတွေ ကြုံတွေ့နိုင်တယ်လို့ မိုးဇလဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ဇွန်လ ၄ ရက်နေ့မှာ ပြောပါတယ်။

“မုန်တိုင်းငယ်ကတော့ ဘင်္ဂလားဒေရှ့်ထဲကို ၁၁ ရက်နေ့လောက်မှာ ၀င်သွားမယ့်အနေအထားမှာရှိတယ်။ ဒါပေမယ့် မုန်တိုင်းအရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်းမှာ လေရောမိုးရော ကြီးနိုင်မယ့်အနေအထားရှိတယ်။ ရခိုင်ဘက်ကို မုတ်သုံအားကောင်းတဲ့ပုံစံမျိုးနဲ့ ၀င်ရောက်နိုင်တယ်” လို့ ဦးကျော်မိုးဦးက ဓူဝံ မီဒီယာကို ပြောပါတယ်။

လက်ရှိအနေအထားအရ အနောက်တောင်မုတ်သုံလေဟာ မြန်မာတစ်နိုင်ငံလုံးကို ၀င်ရောက်နေတဲ့ အနေအထားမှာ ရှိနေပေမယ့် မုတ်သုံလေ၀င်ခါစ အနေအထားကြောင့် လေထုမငြိမ်မသက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

မုတ်သုံလေအားကောင်းနေတဲ့အချိန်မှာ ကမ်းရိုးတန်းးဒေသတွေမှာ မိုးများနိုင်ကာ မုတ်သုံလေအားနည်းနေရင် အလယ်ပိုင်းဒေသတွေမှာ မိုးရွာသွန်းနိုင်ပြီး ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်လာခဲ့ရင် တစ်နိုင်ငံလုံး မိုးရွာသွန်းနိုင်တယ်လို့ မိုးဇလဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတွင် လေထုမငြိမ်မသက်ဖြစ်ပေါ်နေပြီး မုန်တိုင်းဖြစ်ဖို့အလားအလားရှိနေတယ်လို့ မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ဇွန်လ ၄ ရက်နေ့ မှာ သူရဲ့ ဖေ့ဘုတ်စ် စာမျက်နှာမှာ ရေးသားထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD