AD
AD
AD

ယခုနှစ် မေလကုန်အထိ ရန်ကုန်တိုင်းမှာ သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၆၇၁ ဦးရှိပြီး သေဆုံးသူ ၅ ဦးအထိရှိပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေနဲ့ နှိုင်းယှဉ်ရင် ပိုမိုများပြားနေတယ်လို့ ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းတွေမှာ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှု အားနည်းနေတာကြောင့် နှစ်စဉ် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုက မြင့်တတ်နေတယ်လို့ ၀န်ကြီးက ပြောပါတယ်။

ဇွန်လ ၅ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်း သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသေဆုံးမှု လျော့နည်းကျဆင်းရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှာ ပြောခဲ့တာပါ။ သွေးလွန်တုပ်ကွေးရောဂါနဲ့ သေဆုံးရတဲ့ အကြောင်းရင်းတွေမှာ သေဆုံးသူလူနာ ၆၀ရာခိုင်နှုန်းက ပုဂ္ဂလိက ဆေးခန်းတွေက ဆေးရုံတွေဆီ အချိန်မီလွှဲပြောင်းတာ နောက်ကျတာကြောင့်လို့ ၀န်ကြီးက ဆိုပါတယ်။

play

 

ဒါကြောင့် ပုဂ္ဂလိက ဆေးခန်းတွေရဲ့ ပူးပေါင်းကူညီဆောင်ရွက်မှုက အရေးပါနေပြီး သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးတွေနဲ့ ပုဂ္ဂလိကဆေးခန်းတွေ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ယခုနှစ်မှာ ခြင်ကျားလောက်လန်း နှိမ်နှင်းရေး ရက်သတ္တပတ်ကို မိုးရာသီကုန်တဲ့အထိ ဆောင်ရွက်ရမှာဖြစ်ပြီး ကျန်းမာရေးအသိပညာပေး ဟောပြောပွဲတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စစ်ဆေးရေးအဖွဲ့ဝင်တွေက ခြင်ကျားလောက်လန်း ရှိ၊မရှိ ကို လိုက်လံစစ်ဆေးတာတွေ ဆောင်ရွက်မယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်း ဒေသကြီးမှာ ၂၀၁၇ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံတက် ကုသခဲ့ရသူ (၇၄၉၀) ဦး၊ သေဆုံးသူ (၆၀) ဦး ရှိခဲ့ပြီး၊ ၂၀၁၈ ခုနှစ် မေလကုန်အထိ ဆေးရုံ တက်ရောက်ကုသခဲ့သည့် သွေးလွန်တုပ်ကွေး လူနာပေါင်း (၆၇၁) ဦး ရှိပြီး သေဆုံးသူ (၅) ဦးအထိ ရှိခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD