AD
AD
AD

မလေးရှားနိုင်ငံမှာ ဖမ်းမိခဲ့တဲ့ ဒေါ်လာ ၁၇ သန်းကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သတ်ပြီးတော့ ကွင်းဆက်တရားခံတွေဖမ်းမိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန်လ ၅ ရက်နေ့ကထုတ်ပြန်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ၊အကောက်ခွန်ဦးစီးဌာနက စီမရစ်မြို့ကုန်လှောင်ရုံမှာ မေလ ၂၂ ရက်နေ့တုန်းက မလေးရှားနိုင်ငံသားသုံးဦး၊မြန်မာနိုင်ငံသား ၃ ဦးတို့နဲ့အတူ မက်အဖက်တမင်း (၁၁၈၇ ) ကီလိုဂရမ်နဲ့ ဘိန်းဖြူ ၇၅၀ဂရမ် တို့ကို ဖမ်းဆီးရမိခဲ့ပြီးတော့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သတ်တဲ့ ကွင်းဆက်တရားခံတွေကို ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတွေ ဖမ်းဆီးမှုနဲ့ ပါတ်သတ်ပြီးတော့ စစ်ဆေးခဲ့ရာမှာ ရန်ကုန်ကNice Guy Clearence Service Agency က ကုန်သေတ္တာအမှတ်( FSCU 9911521 )မှာ စားသောက်ကုန်တွေနဲ့ မူးယစ်ဆေးတွေ ရောနှောထည့်သွင်းပြီး မလေးရှားနိုင်ငံကို တင်ပို့ခဲ့ကြောင်း ၊မြန်မာနိုင်ငံကနေ မလေးရှားကို ပို့ဆောင်ဖို့ တာမွေမြို့နယ်၊နတ်မောက်ရပ်ကွက်၊ဖိုးစိန်လမ်း၊ပထမထပ် မ/၅၀ (A) နေ ရှော်ရိတ်အာမောက်ရဲ့သား မောင်မောင်မောင်(ခ) Hj Yassin ၄၄ နှစ်က လာရောက်ဆက်သွယ်မှုအရ U Kaung Trading co.ltd ကနေ တာဝန်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရပြီးတော့ မောင်မောင် နှင့်ပူးပေါင်းဆောင်ရွက်သူတွေကို စုံစမ်းဖော်ထုတ်ဖို့ အတွက် ဇွန် လ ၂ ရက်နေမှာ ဆိပ်ကမ်းမြို့မရဲစခန်း မျာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၂၀(က)/ ၂၀(ခ)/ ၂၁ နဲ့ အမှုဖွင့်အရေးယူစုံစမ်း အရေးယူစစ်ဆေးထားတယ်လို့ ထုတ်ပြန်ပါတယ်။

play

 

ဇွန်လ ၂ ရက်နံနက် ၁၁ နာရီ ၁၀ မိနစ်မှာ ဆက်စပ်တရားခံ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးတော့ အဓိကတရားခံ မောင်မောင် (ခ) Hj Yassin ကို မေလ ၃၀ ရက်နေ့က Toyota Lexus ယာဉ်အမှတ် 5L-8088 နဲ့အတူ ထွက်ပြေးနေတာကြောင့် ဖမ်းဆီးရမိဖို့ စစ်ဆေးရှာဖွေနေတယ်လို့ သိရပါတယ်။

ဖမ်းမိထားတဲ့ တရားခံရဲ့ ပြောပြချက်အရ မောင်မောင်(ခ) Hj Yassin က မူးယစ်ဆေးဝါးတွေကို လှည်းကူးမြို့က Nice Guy ရေသန့်စက်ရုံကတစ်ဆင့် အောက်ပုစွန်တောင်လမ်းက ဂိုထောင်ကို သယ်ဆောင်ခဲ့ပြီးမှ သဘောင်္တင်မှုလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

လွတ်မြောက်နေတဲ့ တရားခံရဲ့ အိမ်ကိုဝင်စစ်ဆေးရာမှာ  မီးခံသေတ္တာအတွင်းက ငွေကျပ် သိန်း ၂၅၀ တန်ဖိုးရှိတဲ့ လက်ဝတ်ရတနာ ၁၉မျိုး၊ Toyota Lexus ယာဉ်ကို ငွေသိန်း တစ်ထောင့်ကိုးဆယ်နဲ့ ၀ယ်ယူတဲ့စာချုပ်တွေအပြင် တရားခံမောင်မောင်နဲ့ ပူးပေါင်းပါဝင်သူတွေက မြန်မာနိုင်ငံက ဘဏ်၂ ခုမှာ ကျပ်သိန်းပေါင်း ၂၈၀၀၀ ကျော်နဲ့ ATM ကဒ် ၂ခုကိုတွေ့ရှိခဲ့ပြီးတော့ သူစီးတဲ့ကားကိုတော့ ဇွန်လ ၃ ရက်နေ့မှာ တာမွေဂုံးကျော်တံတားအောက်မှသိမ်းဆည်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံ  မောင်မောင် (ခ) Hj Yassin ကို ဖမ်းမိဖို့အတွက် အထူးအမှုစစ်အဖွဲ့ဖွဲ့စည်းပြီးဆောင်ရွက်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံမှာ မေလ ၂၃ ရက်နေ့က ရေလမ်းကြောင်းကနေတစ်ဆင့် လက်ဖက်ခြောက်ထုတ်ပုံစံထုတ်ပိုးထားတဲ့ မျိုးစုံသောမူးယစ်ဆေးဝါးတွေကို ဖမ်းမိပြီးတဲ့နောက် အခုလို ဆက်စပ်တရားခံတွေ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD