AD
AD
AD
play

 

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းအားကောင်းနေတာကြောင့် မိုးသည်းထန်စွာရွာသွန်းနေလို့ ရေကြီးမှုနဲ့ မြေပြိုတာတွေသတိပြုဖို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ဇွန်လ ၁၀ ရက်နေ့မှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ကျေးရွာကြီး၊ ရခိုင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်းတွေမှာ မြေမြိုတာတွေ၊ လမ်းတွေ အကြီးအကျယ်ပျက်စီးတာတွေနဲ့ ရပ်ကွက်တချို့မှာ ရေကြီးတာတွေဖြစ်ပေါ်နေလို့ တောင်ပေါ်၊ချောင်းဖျား၊ မြစ်ဖျားတွေမှာ ရေကြီးမှုတွေ ဖြစ်နိုင်လို့ သတိပြုဖို့အစိုးရက သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

"အခုလက်ရှိက လေဖိအားနည်းရပ်ဝန်းက အားကောင်းနေပါတယ်။ နောက်ပြီးတော့ မိုးကတော့ နောက်တစ်ရက်နှစ်ရက်အတွင်း မိုးသည်း နိုင်ပါတယ်။ ရေကြီးတာတွေ၊မြေပြိုတာတွေ ဖြစ်နိုင်တာကြောင့် သတိပြုဖို့လိုပါတယ်"လို့ မိုးလေ၀သနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှုးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

play
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်ကျေးရွာကြီးတွင် တောင်ကျရေ ကျဆင်းမှုကြောင့် ရေကြီးနစ်မြှုပ်နေစဉ်။

 

ဒါ့အပြင် မြစ်ချောင်းတွေအနီးနဲ့ တောင်ပေါ်ဒေသတွေမှာ မြေပြိုမှုဖြစ်ပေါ်နိုင်တဲ့နေရာတွေကနေ ရှောင်ရှားဖို့လိုပြီး ကုန်းတွင်းပိုင်း နေသူတွေ ကိုလည်း လေပြင်းတိုက်တာ၊ မိုးရွာတာ၊မိုးကြိုးပစ်တာတွေကို သတိပြုဖို့လိုမယ်လို့ သတိပေးထားပါတယ်။

ဇွန်လ ၁၁ ရက်နေ့မှာ ရခိုင်ပြည်နယ်၊အမ်းမြို့နယ်မှာလည်း မိုးသည်းထန်ပြီး တောင်ကျရေတိုက်စားတာကြောင့် ရန်ကုန်-စစ်တွေကားလမ်းမှာ ပေ ၂၀၀ လောက်ရေကျော်နေလို့ ကားအသွားအလာ ခက်ခဲနေပါတယ်။

ဇွန်လ ၁၀ ရက်ကနေ ၁၂ ရက်အတွင်း ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းခြေနဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်မှ ၃၅ မိုင်ခန့်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တစ်နာရီ ၃၅ မိုင်ကနေ ၄၅ မိုင်ခန့် တိုက်ခတ်နိုင်ကြောင်း မိုးဇလဦးစီးဌာနက သတိပေးထားပါတယ်။

သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာရင် လူကယ်ပြန် ၀န်ကြီးဌာနက ( ၂၄)နာရီဖွင့်လှစ်ထားတဲ့ Hot Line ဖုန်းတွေဖြစ်တဲ့ ၀၆၇-၃၄၀၄၆၆၆၊ ၃၄၀၄၇၇၇ သို့ အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Local News


AD