AD
AD
AD
play
ဇွန်လ ၁၄ ရက်နေ့က မန်းချောင်းရေ အောက်စက်တော်ရာအထိ မြင့်တက်နေစဉ်။

 

မင်းဘူးခရိုင် မန်းရွှေစက်တော် အောက်စက်တော်ရာဘုရားဆောင်၏ ပန်းဆွဲအမြင့် ၁၉ ပေခန့်အထိ မန်းချောင်း ရေမြင့်တက်လျက်ရှိပြီး ၁၉၈၇ ခုနှစ်တွင် တစ်ကြိမ်သာ မြင့်တက်ခဲ့ပြီးနောက် ၂၀၁၈ ခုနှစ် ဇွန်လ ၁၄ ရက်နေ့က မန်းချောင်းရေ မြင့်တက်မှုမှာ ဒုတိယအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ သိရပါတယ်။

“၁၉၈၇ ခုနှစ်တုန်းကတော့ မန်းချောင်းရေက အောက်စက်တော်ရာ ပန်းဆွဲထိရောက်ဖူးတယ်၊ ၂၀၁၅ ခုနှစ်မှာ ရင်ပြင်မှာ ၁၅ ပေ ၄ လက်မအထိ တက်ခဲ့ပါတယ်၊ မနှစ်က ဇွန်လမှာ တစ်ခါ၊ ဇူလိုင်လမှာ တစ်ခါ၊ စက်တင်ဘာလမှာတစ်ခါ ရေတက်ခဲ့တယ်၊ တစ်ခါတက်ရင်လည်း နာရီပိုင်းပေါ့၊ အစအဆုံး ၁၀ နာရီလောက်ပဲကြာတယ်၊ သုံးပေခွဲ လေးပေက အမြင့်ဆုံးပါ၊ အခုတော့ ၁၂ ရက်ကနေ တက်လာ လိုက်တာ ဇွန် ၁၄ ရက်ဆို ရင်ပြင်ထဲမှာ ရေက နှစ်ရက်ကျော်လောက်ရှိနေပြီ၊ ဒုတိယအကြိမ် ရေအမြင့်ဆုံးတက်တဲ့ အနေအထားပါ”လို့ ရွှေစက်တော်ဂေါပကအဖွဲ့ ဥက္ကဋ္ဌဦးသိန်းလှိုင်က မြန်မာ့အလင်းသတင်းစာကို ပြောပါတယ်။

ဇွန် ၁၀ ရက် ညနေ ၃နာရီ မိနစ် ၂၀ တွင် အောက်စက်တော်ရာ ရင်ပြင်ထဲသို့ မန်းချောင်းရေစဝင်ခဲ့ကာ ဇွန် ၁၁ ရက်တွင် ရေအမြင့် လေးငါးပေအထိ တက်လာကြောင်း၊ ဇွန် ၁၂ ရက် နံနက်၌ ရင်ပြင်တော်ပေါ်မှ ရေပြန်ဆင်းသွားသည့်အတွက် ဂေါပကအဖွဲ့နှင့် ဝန်ထမ်းများက ဒူးဆစ်ခန့်ရှိ ရွှံ့နွံများကို သန့်ရှင်းရေးလုပ်ခဲ့ကြောင်း၊ မိုးအဆက်မပြတ် ရွာသွန်းနေသည့်အတွက် ယင်းနေ့ နံနက် ၁၁ နာရီ ခန့်တွင် ရင်ပြင်ပေါ်သို့ ရေပြန်ဝင်ခဲ့ကာ ဇွန် ၁၃ ရက်တွင် ရေအမြင့် သုံးပေခွဲ လေးပေခန့် ရှိနေရာ မှ ည ၁၂ နာရီခန့်တွင် ငါးပေအမြင့်ထိ ရောက်လာကြောင်း၊ ဇွန် ၁၄ ရက် နံနက် ပိုင်းတွင် ရေဆက်တိုး လျက်ရှိကာ မွန်းလွဲ ၁ နာရီအချိန်၌ ပန်းဆွဲအထိ မန်းချောင်းရေ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ငဖဲမြို့နယ်ထဲမှာ ဇွန် ၁၂ ရက်နှင့် ၁၃ ရက်နေတွေမှာ မုန်တိုင်းအရှိန်နဲ့ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မန်းချောင်းရေကြီးမြင့်မှုဖြစ်ပေါ်ခဲ့ရာ ဒေသခံပြည်သူတွေ စိုးရိမ်ပူပန်မှုတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရာသီဥတုအခြေ အနေအရ မကွေးတိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံအလယ် ပိုင်းဒေသများ မိုးရွာသွန်းမှုလျော့ကျနိုင်ပြီး အောက်ပိုင်းဒေသတွေဖြစ်တဲ့ ဧရာဝတီ၊ ပဲခူး၊ ရန်ကုန် တိုင်းဒေသကြီးနဲ့ ရခိုင်၊ချင်း၊ ကရင်နဲ့မွန်ပြည်နယ်တို့တွင် နေ ရာကွက် မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတိပေးထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD