AD
AD
AD
play

 

ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ အဂတိလိုက်စားရင် ထောင်ဒဏ် ၁၅ နှစ် ကျခံစေမယ့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ စတုတ္ထအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ဇွန်လ ၁၅ ရက်မှာကျင်းပတဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြင်ဆင်ချက်မရှိ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေမှာ နိုင်ငံရေးရာထူးလက်ရှိဖြစ်သူ (သို့မဟုတ်) နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် ထိုသူကို ၁၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဆိုပါတယ်။

‘‘နိုင်ငံရေးရာထူးဆိုတာက Political Post ပေါ့။ ဝန်ကြီးတွေ ကိုပြောတာ။ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေကို ပြောတာ။ အစိုးရအဖွဲ့ရဲ့ ညွှန် ချုပ်တွေ၊ အမှုထမ်းတွေမပါဘူး’’လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က 7Day သတင်းစာကို ပြောပါတယ်။

ပုဒ်မ ၅၆ မှာ နိုင်ငံရေးရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ (သို့မဟုတ်) လုပ်ပိုင်ခွင့်အာဏာရှိစဉ်က မည်သူမဆို အဂတိ လိုက်စားမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင် ထိုသူကို ၁၀ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ အတည်ပြုထားချက်ကိုလည်း ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် ကျော်စောသတင်း ထွက်သူတွေကို စစ်ဆေးနိုင်တဲ့အချက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ အဆိုပြုပြဋ္ဌာန်းချက်အတိုင်း အမျိုးသားလွှတ်တော်နဲ့  ပြည်သူ့လွှတ်တော်က ကွဲလွဲချက်မရှိ သဘောတူခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်နှစ်ရပ်က အတည်ပြုခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ စတုတ္ထအကြိမ် ပြင်ဆင်တဲ့ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင် အတည်ပြုပြီးနောက် သမ္မတလက်မှတ် ရေးထိုးထုတ်ပြန်ဖို့  ပေးပို့ရမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD