AD
AD
AD
play
ရန်ကုန်မြို့တွင်း ပြေးဆွဲခဲ့သည့် မီနီဘတ်စ်ယာဉ်လိုင်းတချို့။ Photo : Phyo Wai Win

 

ဒဂုံမြို့သစ်(၄)မြို့နယ်က လမ်းတွေကို စီမံချက်နဲ့ ပြုပြင်ပြီး မီနီဘတ်စ်ယာဉ်လိုင်းတွေ ပြေးဆွဲပေးသွားမယ်လို့ ဒီနေ့(ဇွန်လ ၁၈ ရက်) မနက်ပိုင်းက ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးမှာ လျှပ်စစ်၊စက်မှု၊လက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ထဲက ရိုးမရိပ်သာကနေ ကြည်စုအနောက်၊ သိန်းတစ်ရာလမ်းမကြီး ရပ်ကွက်အတွင်းပိုင်းတွေ၊ ပုလဲရတနာလမ်း၊ အောင်ဇေယျလမ်းမကြီးနဲ့ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ကနေ ဒဂုံတက္ကသိုလ်စတဲ့နေရာတွေကို YBS ယာဉ်လိုင်းတွေ တိုးချဲ့ပြေးဆွဲပေးဖို့ အစီအစဉ် ရှိ၊မရှိ ဆိုတဲ့ မေးခွန်းနဲ့စပ်လျဉ်းပြီး ဒေါ်နီလာကျော်က အခုလို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“ဒဂုံမြို့သစ်မြောက်ပိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းနဲ့ ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်များအတွင်း မြို့နယ်ချင်း ချိတ်ဆက်ပြီးတော့ ပြေးဆွဲမယ့် ယာဉ်လိုင်းများကို စီစဉ်ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ပြီးတော့ ပြေးဆွဲနိုင်ရေးမှာလည်း ဒီဒဂုံမြို့သစ်(၄)မြို့နယ်က လမ်းတွေကို ကျွန်မတို့အနေနဲ့ စီမံချက်ဖြင့် ပြုပြင်ပြီး ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်”လို့ ဝန်ကြီးဒေါ်နီလာကျော်က ပြောခဲ့ပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်မှာ မြို့နယ်အတွင်း ဖြတ်သန်းပြီး စတင်ပြေးဆွဲတဲ့ ယာဉ်လိုင်းပေါင်း (၁၇)လိုင်း ရှိပြီး အဆိုပါ (၁၇)လိုင်းမှာ ရွှေတိဂုံအထိ ပြေးဆွဲတဲ့ အမှတ်(၈)ယာဉ်လိုင်း၊ တာမွေမြို့နယ်အထိ ပြေးဆွဲတဲ့ အမှတ်(၉)ယာဉ်လိုင်း၊ အလုံ၊ ဆူလေ၊ လမ်း(၅၀)၊ သိမ်ဖြူ စတဲ့နေရာတွေကို ပြေးဆွဲတဲ့ ယာဉ်လိုင်းတွေဖြစ်ပြီး လက်ရှိမှာ မြို့တွင်းပတ်ယာဉ်လိုင်းနဲ့ မြို့နယ်ထဲအထိပတ်တဲ့ ယာဉ်လိုင်းတွေ မရှိသေးဘူးလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD