ငါးထောင်တန်နဲ့ တစ်သောင်းတန်ငွေစက္ကူအတုတွေ ပြုလုပ်သုံးစွဲနေတာပါ။
 

ကျပ်ငါးထောင်နဲ့ တစ်သောင်းတန်ငွေစက္ကူအတုတွေ ထုတ်လုပ်သုံးစွဲ ဖြန့်ဝေနေတဲ့ လူငယ်လေးဦးကို ဇွန်လ ၂၂ ရက်နေ့က ပုသိမ်မြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဒီနေ့ထုတ် The Voice သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ပုသိမ် ကွန်ပျူတာတက္ကသိုလ်မှ ဒုတိယနှစ် ကျောင်းသားကတ် ကိုင်ဆောင်ထားသူ နန့်ဆန်းဆန်းဖောင် (၁၉ နှစ်) နဲ့ ခင်ပွန်းဖြစ်သူ ကိုသန့်ဇော် (၃၁ နှစ်) တို့က ငွေစက္ကူတုတွေပြုလုပ်ပြီး ဦးညီညီအောင် (၂၅ နှစ်) နဲ့ ဦးအောင်နိုင်ဝင်း (၂၉ နှစ်) တို့က ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် ဇေယျာဝတီ ၄ လမ်းထိပ် BT စားသောက်ဆိုင်တွင် အသုံးပြုနေတယ်လို့ သတင်းရရှိရာမှ စတင်ဖမ်းမိခဲ့တာလို့ ပုသိမ်မြို့မ ရဲစခန်းကနေ သိရပါတယ်။

အဆိုပါ လူငယ်လေးဦးနဲ့အတူ တန်ဖိုးကျပ်ခုနစ်သိန်းကျော်ရှိ ငါးထောင်တန် ငွေစက္ကူတု ၁၁၅ ရွက်နဲ့ တစ်သောင်းတန် ငွေစက္ကူအတု ၁၃ ရွက်၊  ငွေစက္ကူအတုပြုလုပ်ရာမှာ အသုံးပြုတဲ့ ASUS အမျိုးအစားအနက်ရောင်လက်တော့ပ် ၁ လုံး၊ အားသွင်းကြိုး၊ EPSON အမျိုးအစား အနက်ရောင် Colour PRINTER ၁ လုံး၊ EPSON အမျိုးအစား အနက်ရောင် စကင်ဖတ်စက် ၁ လုံး၊ Lenovo အမျိုးအစား မောက်စ်တစ်ခုနဲ့ ကွန်ပျူတာ ဆက်စပ်ပစ္စည်းများ၊ EPSON တံဆိပ်ပါ A4 စက္ကူထုပ်တစ်ထုပ်၊ တစ်သောင်းတန် ငွေစက္ကူပုံ ပရင့်ထုတ်ထားသည့် A4 စာရွက် ၅၂ ရွက်၊ ငါးထောင်တန် ငွေစက္ကူပုံ ပရင့်ထုတ်ထားသည့် A4 စာရွက် ၂၄ ရွက်နဲ့ စာရွက်အပိုင်းအစတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် ဘိုကြီးကုန်းနေထိုင်သူ ဦးညီညီအောင်၊ အမှတ် ၇ ရပ်ကွက် အောင်သိဒ္ဓိ ၃ လမ်းနေ ဦးအောင်နိုင်ဝင်း၊ အမှတ် ၁ ရပ်ကွက် စဉ့်အိုးဘိုရပ် ကမ်းနားလမ်းနေ နန့်ဆန်းဆန်းဖောင်နဲ့ ခင်ပွန်းဖြစ်သူ ကိုသန့်ဇော်တို့ကို ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ တို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေတယ်လို့ ပုသိမ်မြို့မရဲစခန်းကနေ သိရပါတယ်။

Share

Loading Next Article...
က္က