အဂတိလိုက်စားမှုဆန့်ကျင်ခြင်းပူးတွဲကြေညာချက်ကို ဇူလိုင် ၂ ရက်က လက်မှတ်ရေးထိုးလိုက်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့ UMFCCI တို့ပူးပေါင်းပြီး အဂတိလိုက်စားမှု ဆန့်ကျင်ခြင်း ပူးတွဲကြေညာချက် ကို ဇူလိုင် ၂ ရက်က လက်မှတ်ရေးထိုးလိုက်ပါတယ်။

နှစ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ ကျင့်ဝတ်ပြည့်ဝတဲ့ စီးပွားရေးလုပ်ငန်း အလေ့အကျင့်တွေ ဖွံ့ဖြိုးလာစေဖို့နဲ့ အဂတိလိုက်စားမှု ဆန့်ကျင်ရေးတွေကို ပူးပေါင်း ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

 

 

 "ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေဟာ အဂတိလိုက်စားမှုကို နားလည်ရှောင်ကြဉ်ကြဖို့ လိုအပ်ပါတယ်။ ဒါမှလည်း နိုင်ငံမှာ စီးပွားရေး မြင်ကွင်းကောင်း တစ်ခုပေါ်ထွက်လာပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံချင်သူတွေ အကျိုးတူပူးပေါင်း ဆောင်ရွက်ကြမှာပါ။ " လို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းကပြောပါတယ်။

ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေနဲ့ UMFCCI အသင်းဝင်ကုမ္ပဏီတွေကို စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်း (Code of Conduct) ကို ရေးဆွဲ လိုက်နာစေဖို့၊ အဂတိလိုက်စားမှုဆိုင်ရာ အသိပညာပေးဖို့နဲ့ စွမ်းရည်မြှင့်အစီအစဉ်တွေ လုပ်ဆောင်ဖို့၊ လုပ်ငန်းကုမ္ပဏီ၊ ပုဂ္ဂလိက အသင်းအဖွ့ဲတွေအကြား အဂတိလိုက်စားမှုဆန့်ကျင်ခြင်းဆိုင်ရာ သတင်းအချက်အလက်နဲ့ အလေ့အကျင့်ကောင်းတွေ ဝေမျှရန် ကွန်ရက်တွေတည်ဆောက်ဖို့၊ United Nations Global Compact Network Myanmar နဲ့ ချိတ်ဆက်ပြီး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်မယ်လို့ UMFCCI က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က” ကုန်သည်စက်မှု အသင်းချုပ်ကြီးက ကျွန်တော်တို့ နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ခြင်း ပူးတွဲကြေညာချက်ကို စောစီးစွာ လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်းဟာ မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းမှာ ထူးခြားလေးနက် ဂုဏ်သိက္ခာရှိမှာ ဖြစ်ကြောင်း တင်ပြလိုပါတယ်" လို့ ဆိုပါတယ်။

 အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေနဲ့ ကိုယ်ကျင့်သိက္ခာမြှင့်တင်ရေး၊ ပညာပေးရေးကို ဦးစားပေးလုပ်ဆောင်နေပြီး ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်၊ အဂတိ လိုက်စားမှု ဆန့်ကျင်ရေး ကျင့်ဝတ်ရေးဆွဲရေး ၊ မဖြစ်ပွားအောင် တားဆီးကာကွယ်တဲ့ နည်းလမ်းတွေနှင့် အဂတိလိုက်စားမှု ဖြစ်နိုင်ခြေကို ဆန်းစစ်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က