ပထမအသုတ် ဝယ်ယူခွင့်ရရှိသူများစာရင်းကို ကြေညာမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းအစိုးရက ရောင်းချတဲ့ တိုက်ခန်းဝယ်ယူခွင့်ရသူတွေကို ဇူလိုင် ၁၀ ရက်မှာ ကြေညာပြီး ဇူလိုင် ၂၅၊၂၆ ရက်မှာ တိုက်ခန်းနေရာမဲနှိုက်မှာဖြစ်ပါတယ်။



 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က စီစဉ်ရောင်းချတဲ့ တန်ဖိုးနည်း တန်ဖိုးသင့် အိမ်ရာ ပထမအသုတ် ဝယ်ယူခွင့်ရရှိသူများစာရင်းကို ဇူလိုင် ၁၀ ရက်မှာ ကြေညာသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွေနဲ့ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီး ညွန်ကြားရေးမှူးရုံး) မှာ ကြေညာမှာဖြစ်ပါတယ်။

 

 

Photo - DUHD Ygn

ဝယ်ယူခွင့်ရရှိသူတွေနေနဲ့ ဇူလိုင် ၁၁ ရက်ကနေ ၂၀ ရက်နေ့နောက်ဆုံးထားကာ မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနကို ဆက်သွယ်စုံစမ်းရမှာဖြစ်ပြီး ဇူလိုင် ၂၅၊ ၂၆ ရက်မှာ အဆိုပါရုံးမှာ တိုက်ခန်းနေရာမဲနှိုက်မှာ ဖြစ်ပါတယ်။

“အိမ်ရာတွေကို ဇူလိုင်လအတွင်းအပြီးရောင်းချမှာပါ။ နာမည်စာရင်းတွေကို ခရိုင်လေးခုလုံးမှာ ကြည့်လို့ရပါတယ်။ ယုဇနဥယျာဉ်မှာရှိတဲ့အိမ်ရာတွေဆိုရင်တော့ တန်ဖိုးနည်းပေါ့။ သိန်း ၉၀ ကျော်လောက်ကနေ သိန်း ၁၅၀ ဝန်းကျင်အထိရှိတယ်။ ရွှေပြည်သာ၊အင်းဝ၊တောင်ဒဂုံတို့ဘက်မှာဆိုရင် တန်ဖိုးသင့်ပေါ့။ သိန်း ၃၀၀၊၄၀၀ ဝန်းကျင်တွေရှိတယ်” လို့  ပြည်သူ့အိမ်ရာ ရောင်းချရေးကော်မတီမှ အဖွဲ့ဝင် တောင်ဒဂုံလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

 

 

မဲနှိုက်ဝယ်ယူခွင့်ရရှိသူတွေအနေနဲ့ လျှောက်ထားချက်အပေါ် စိစစ်ခြင်း၊ ချေးငွေရယူမယ့်သူတွေကို ဘဏ်ကနေ စီစစ်တာတွေ ပြုလုပ်ပြီး စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီသူတွေကို ရောင်းချပေးမှာ ဖြစ်တယ်လို့သိရပါတယ်။

တိုက်ခန်းတန်ဖိုးကို တစ်ကြိမ်တည်း အကျေပေးသွင်း မှု၊ မြို့ပြနှင့် အိုးအိမ် ဖွံဖြိုးရေးဘဏ်မှာ အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း နဲ့  ၁၅ နှစ်ပေးချေသည့် စနစ်နဲ့ ဝယ်ယူနိုင်တယ်လို့  ပြည် သူ့အိမ်ရာရောင်းချရေးကော်မတီ ကနေ သိရပါတယ်။

 

ရန်ကုန်တိုင်းအတွင်း ရောင်းချမယ့် အိမ်ရာတွေမှာ ဂုံမြို့ သစ်တောင်ပိုင်းရှိ အင်းဝအိမ်ရာ၊ ကောင်းစံသာအိမ်ရာ၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်ရှိ ယုဇနအိမ်ရာအပိုင်း(၁)၊ (၂)၊ ကနောင်အိမ်ရာ၊သင်္ဃန်းကျွန်းမြို့နယ်ရှိ ကြီးပွားရေးအိမ်ရာ၊   လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ဗန်းအိမ်ရာ၊    ထီးလှိုင်အိမ်ရာ၊  ရွှေပြည်သာမြို့နယ်ရှိ Shop House နဲ့   မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက်ကံအိမ်ရာတို့ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က