သီဟတင်စိုးကို သုဝဏ္ဏက သူ့ရဲ့အိမ်မှာလည်းမတွေ့ရပါဘူး။

အိမ်အကူအမျိုးသမီးကို အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲခံရသူ သီဟတင်စိုးကို ရဲတပ်ဖွဲ့က ၂ ရက်ကြာတဲ့အထိ ရှာဖွေတွေ့ရခြင်းမရှိသေးဘူးလို့ သုဝဏ္ဏရဲစခန်းကသိရပါတယ်။




ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးရဲ့နေအိမ်မှာ အိမ်အကူအဖြစ်လုပ်ကိုင်နေတဲ့ အသက် ၄၀ အရွယ် မခင်မာမြင့် ဆိုတဲ့အမျိုးသမီးက အဓမ္မပြုကျင့်ခံရတယ်ဆိုပြီး ဇူလိုင် ၁၄ ရက်နေ့မှာ သုဝဏ္ဏနယ်မြေရဲစခန်းမှာ အမှုဖွင့်တိုင်ကြား ထားတယ်ဖြစ်ပါတယ်။

လက်ရှိမှာတော့ တရားလိုဒေါ်ခင်မာမြင့်ကို သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံကြီးမှာ ဆေးစစ်ချက်ရယူထားပြီး အဒေါ်နှစ်ဝမ်းကွဲတော်စပ်သူ ဒေါ်ညွန့်နဲ့ ကျန်တဲ့သက်သေတွေကို ဆက်လက်စစ်ဆေးနေတယ်လို့ သုဝဏ္ဏနယ်မြေရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။

ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးကို ခုချိန်ထိတော့ ဆက်သွယ်လို့မရသေးဘဲ လက်ရှိမှာရုဲလုပ်ငန်းစဉ်တွေအရ ဆောင်ရွက်နေတယ်လို့ သုဝဏ္ဏနယ်မြေရဲစခန်းမှူး ရဲအုပ်သန်းနိုင်က ပြောပါတယ်။

“တရားခံဖြစ်သူ သီဟတင်စိုးနဲ့ ပတ်သက်လို့ ဖမ်းဆီးစစ်ဆေးခြင်းတွေ၊ ဆေးစစ်ခြင်းတွေစတဲ့ ရဲလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာပါ။ ခု ထိတာ့ဆက်သွယ်မှုမရသေးဘူး။ သက်သေခံပစ္စည်းတွေဖြစ်တဲ့တရားလိုရဲ့ အခင်းဖြစ်စဉ်က အဝတ်အစားတွေကို သိမ်းဆည်းပြီးပြီ။ လုပ်ရမယ့်အပိုင်းတွေလည်း စီစဉ်ထားပြီးပြီ။” လို့ ဒုရဲအုပ်သန်းနိုင်က ဆိုပါတယ်။

အဓမ္မပြုကျင့်ခံရသူဒေါ်ခင်မာမြင့်ကတော့ ကျေနပ်ခြင်းမရှိတာကြောင့် လာရောက်တိုင်တန်းခဲ့တာဖြစ်ပြီး လုံးဝကျေအေးပေးလိုခြင်းမရှိဘူးလို့ ပြောပါတယ်။ အဆိုပါအမျိုးသမီးဟာ ခင်ပွန်းနဲ့ သားတစ်ယောက်ရှိပြီး ရေနံချောင်းမြို့ကနေ ရုပ်ရှင်သရုပ်ဆောင်သီဟတင်စိုးရဲ့နေအိမ်မှာ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က စတင်ပြီး အိမ်အကူအဖြစ် ဝင်ရောက် လုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။

ဇူလိုင်လ ၁၃ ရက်နေ့ညမှာ သရုပ်ဆောင်သီဟတင်စိုးက အဓမ္မကျင့်တယ်လို့ အမျိုးသမီးက ပြောဆိုတိုင်တန်းထားတာကြောင့် သုဝဏ္ဏနယ်မြေရဲစခန်းက သီဟတင်စိုးကို (ပ)၃၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆ ဖြင့် အမှုဖွင့်ထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က