ညွှန့်ကြားရေးမှူး ၃ ယောက် လည်းအရေးယူခံရပါတယ်။

သယ်ယူပို့ဆောင်ရေး ဗန်ကားတွေကို ရန်ကုန်ဆိပ်ကမ်းကတဆင့် တင်သွင်းရာမှာ သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ မကိုက်ညီတဲ့ကားတွေကို ဆိပ်ကမ်းပြင်ပထုတ်ယူခွင့်အတွက် ငွေပေး၊ ငွေယူ ကိစ္စတွေရှိတယ်ဆိုပြီး အကောက်ခွန် ဝန်ထမ်း ၁၂ ယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလိုက်ပါတယ်။

 



မော်တော် ယာဉ်တင်သွင်းခြင်းနဲ့ သက်ဆိုင်တဲ့ လုပ်ငန်းများကြီးကြပ်ရေးကော်မတီ မူဝါဒသတ်မှတ်ချက်တွေနဲ့ မကိုက်ညီဘဲ တင်သွင်းလာတဲ့ ယာဉ်တွေကို ဆိပ်ကမ်းမှထုတ်ယူနိုင်ဖို့ ငွေပေးနေရခြင်းကိစ္စတွေကို စုံစမ်းစစ်ဆေးဖို့ တိုင်တန်းလာတာကြောင့် စုံစမ်းစစ်ဆေးရာကနေ ပေါ်ပေါက်လာတာဖြစ်တယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ပါတယ်။



စုံစမ်းစစ်ဆေးမှုမှာ ပထမအကြိမ်တင်သွင်းတဲ့ သယ်ယူပို့ဆောင်ရေး ဗန်ကား ၃ စီးကို ဆိပ်ကမ်းက ထုတ်ယူရာမှာ အကောက်ခွန်ဦးစီးဌာနက စစ်ဆေးရေးအရာရှိက ငွေ ကျပ် ၂၄ သိန်း၊ Model Year စိစစ်အတည်ပြုသူ ဦးစီးအရာရှိက ငွေကျပ် ၁၅ သိန်းရယူခဲ့ကြောင်း ထုတ်ပြန်စာကဖော်ပြသည်။



ဒါ့အပြင် ဒုတိယအကြိမ်တင်သွင်းတဲ့  သယ်ယူပို့ဆောင်ရေး ဗန်ကား၂ စီးကို ဆိပ်ကမ်းကထုတ်ယူရာမှာစစ်ဆေးရေးအရာ ရှိက ငွေ ကျပ် ၂၄ သိန်း၊ ယာဉ်စစ်ဆေးချက်အမှုတွဲတွေကို စိစစ်လက်မှတ်ရေးထိုးသူ ဦးစီးအရာရှိက ငွေကျပ် ၈ သိန်း၊ စစ်ဆေးရေးအရာရှိရဲ့ စစ်ဆေးတွေ့ရှိချက်တွေကို စိစစ်အတည်ပြုသူ အကောက်ခွန်မှူးက ငွေကျပ် ၄ သိန်းယူခဲ့ကြောင်း စာထဲတွင် ဆက်၍ ဖော်ပြထားသည်။



ကော်မရှင်က စစ်ဆေးပေါ်ပေါက်ချက်အရ အကောက်ခွန်က ဝန်ထမ်း ၇ ယောက်နဲ့ ပူးပေါင်းကြံစည်အားပေးသူ အရာထမ်း ညွှန့်ကြားရေးမှူး ၃ ယောက်၊ ဒုတိယညွှန့်ကြားရေးမှူးတစ်ယောက်နဲ့ ဦးစီးအရာရှိတစ်ယောက်တို့ကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/၆၃ အရကျာက်တန်းမြို့နယ်၊ သီလဝါနယ်မြေရဲစခန်းမှာ ဇူလိုင်လ ၁၆ ရက်နေ့မှာ ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျှက် ရှိတယ်လို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

Share

Loading Next Article...
က္က