နေရောင်ခြည်တိုက်ရိုက်ကျရောက်တဲ့ နိုင်ငံ ၁၂၁ နိုင်ငံစုဖွဲ့ထားတဲ့ အဖွဲ့ပါ။

အိန္ဒိယနိုင်ငံမှာ အခြေစိုက်တဲ့ အပြည်ပြည်ဆိုင်ရာနေစွမ်းအင်အုပ်စု International Solar Alliance (ISA) အဖွဲ့မှာ မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ က စတင်ပါဝင် လက်မှတ်ရေးထိုး လိုက်ပြီဖြစ်ပါတယ်။







ဒီလုပ်ငန်းစဉ်ကို မြန်မာနိုင်ငံက အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ကဦးကျော်တင်ဦးဆောင်ခဲ့တာဖြစ်ပြီး ရှေ့ဆက်လုပ်ငန်းစဉ်တွေကို ဆွေးနွေးဆောင်ရွက်ကြဖို့လည်းရှိနေပါတယ်။



အဖွဲ့ဝင်ဖြစ်လာနိုင်ရေးအတွက် အခြေခံသဘောတူညီချက်ကို မြန်မာနိုင်ငံက ပါဝင်လက်မှတ် ရေးထိုးရေးအပေါ် ပြည်ထောင်စုလွှတ်တော်က ၂ဝ၁၈ ခုနှစ် မေလ ၂၂ ရက်တွင် သဘောတူလိုက်တဲ့အပေါ်ဆက်လက်ဆောင်ရွက်တာလည်းဖြစ်ပါတယ်။



အပြည်ပြည်ဆိုင်ရာနေစွမ်းအင်အုပ်စုကို နေရောင်စွမ်းအင် မူဝါဒနှင့် အသုံးချမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း International Agency for Solar Policy and Application (IASPA) ဟုလည်း ခေါ်ကြပါတယ်။





အကြမ်းဖျင်းအားဖြင့် မြောက်လတ္တီကျု ၂၃.၄၃၆၉ ဒီဂရီနဲ့ တောင်လတ္တီကျု ၂၃.၄၃၆၉ ဒီဂရီ အကြား အီကွေတာမျဉ်း တစ်လျှောက်မှာရှိတဲ့ နေရောင်တိုက်ရိုက် ကျရောက်ရရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံအများစုပါဝင်တဲ့ နိုင်ငံ ၁၂၁ နိုင်ငံက ပါဝင်လက်မှတ်ရေးထိုးကာ အစိုးရချင်းသဘောတူညီချက်ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။



အဖွဲ့ရဲ့ အခြေခံသဘောတရားကတော့ ရုပ်ကျွင်းလောင်စာတွေ အပေါ် မှီခိုနေမှုကို လျှော့ချနိုင်ဖို့အတွက်နေစွမ်းအင်ကို အကျိုးဖြစ် အသုံးချနိုင်ရန် လုပ်ဆောင်ကြရေးဖြစ်ပါတယ်။



၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၃ဝ ရက်နေ့ ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံအတွင်း ပြင်သစ်သမ္မတ ဖရန်စွာ အော်လန်နဲ့ အတူ အိန္ဒိယဝန်ကြီးချုပ် နရန္ဒရာမိုဒီ က အပြည်ပြည်ဆိုင်ရာနေစွမ်းအင်အုပ်စုကို ဖွင့်လှစ်ပေးခဲ့ပါတယ်။



နိုင်ငံအစိုးရများအကြားချုပ်ဆိုတဲ့ စာချုပ်အဖွဲ့တစ်ခုဖြစ်ပြီး နေရောင်တိုက်ရိုက် မကျရောက်တဲ့ အဖွဲ့ဝင်နိုင်ငံများအနေနဲ့ မဲပေးခွင့်မရှိတာကလွဲလို့ အခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့ တန်းတူ အကျိုးညီမျှစွာ ရရှိခံစားနိုင်ကြမှာဖြစ်ပါတယ်။



လောင်စာအတွက် ကုန်ကျစရိတ်တွေကို လျော့ချပစ်ပြီး အနာဂါတ်ဆိုလာနည်းပညာများကို ရယူသုံးစွဲနိုင်ဖို့ ၂ဝ၃ဝ ခုနှစ်အထိ အမေရိကန်ဒေါ်လာ ၁,ဝဝဝ ဘီလီယန်ကျော် ရင်းနှီးမြှုပ်နှံရန် လိုအပ်မှာဖြစ်ပေမယ့် နေရောင်သယံဇာတကြွယ်ဝတဲ့ နိုင်ငံတွေအတွက် စဉ်ဆက်မပြတ်စွမ်းအင်တွေကို ရယူဖို့ ရည်ရွယ်ထားကြတာလည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က