ခရီးသွားတွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်အောင် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

နိုင်ငံတွင်းကို လာရောက်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအတွက် လုံခြုံရေးနဲ့ ဝန်ဆောင်မှုတွေကို ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားလိုက်ပါတယ်။ နေပြည်တော်မှာပြုလုပ်တဲ့ အမျိုးသား ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။



မြန်မာနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်အောင် ဆောင်ရွက်ပေးဖို့လိုအပ်နေပြီး ဝန်ဆောင်မှုတွေပေးရာမှာ ခေတ်နဲ့ ညီတဲ့ စနစ်သစ်တွေကို အသုံးချဖို့ လိုအပ်နေတယ်လို့ ဒုသမ္မတက ပြောပါတယ်။

ဟိုတယ်အခန်းခတွေ သင့်တင့်မျှဖို့၊ ပေးရတဲ့ငွေကြေးနဲ့ ဝန်ဆောင်မှု ထိုက်တန်ဖို့၊ ခရီးသွားဒေသတွေမှာ သန့်ရှင်းတဲ့ အများသုံးသန့်စင်ခန်းတွေ လုံလုံလောက်လောက်ထားဖို့၊ စားသောက်ဆိုင်တွေ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာတွေ ရောင်းချဖို့၊ဒေသအလိုက် ရိုးရာအစားအစာတွေ ဖော်ထုတ်ဖို့ ၊ ခရီးသွားတွေ အန္တရာယ်ကင်းကင်း သွားလာဖို့ ပြည်နယ်နဲ့ တိုင်းအစိုးရအဖွဲ့တွေက စနစ်တကျ အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့လည်း  ဆိုပါတယ်။

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့စာရင်းတွေအရ ၂၀၁၈ ခုနှစ် နှစ်ဝက်ကာလအထိ နိုင်ငံတကာခရီးသွားဧည့်သည် ၁ ဒသမ ၇၂ သန်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂျပန်၊ ကိုရီးယား၊ တရုတ်နိုင်ငံက ခရီးသွားတွေအတွက်လည်း ဗီဇာဖြေလျော့ပေးတော့မှာ ဖြစ်တာကြောင့်   နိုင်ငံတွင်း ခရီးသွားဝင်ရောက်မှုက ပိုများလာနိုင်ပြီး၂၀၂၀ ခုနှစ်မှာ ကမ္ဘာလှည့်ခရီးသွား ၇ သန်းကျော် အထိ ဝင်ရောက်ဖို့ ခန့်မှန်းထားတယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်မှာ ခရီးသွားဧည့်သည် ၃ ဒသမ ၄၄ သန်း လာရောက်ခဲ့ပြီး ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ရင် ၁၈ ရာခိုင်နှုန်းခန့် တိုးတက်လာတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က