မိုးကြီးရေလျှံလို့ ရထားလမ်းကို ရက် ၂၀ နီးပါး ပိတ်ထားခဲ့ရပါတယ်။

မိုးကြီး ရေလျှံလို့ ရက် ၂၀ နီးပါး ပိတ်ထားခဲ့ရတဲ့ ရန်ကုန်-မော်လမြိုင် ရထားလမ်းကို သြဂုတ်လ ၁၈ မှာ ပြန်ဖွင့်မယ်လို့ မြန်မာ့မီးရထား သွားလာရေးဌာနမှ အထွေထွေ မန်နေဂျာ ဦးကျော်မျိုးလွင်က ပြောပါတယ်။



နှင်းပုလဲဘူတာ - ဒုံဝန်းဘူတာအကြား ရေတိုက်စားခံရသော ရထားလမ်းအခြေအနေ

 

ဇူလိုင်လအတွင်းက မွန်ပြည်နယ်မှာ မိုးများပြီး ရေကြီးမှုကြောင့် ဒုံဝန်းဘူတာနဲ့ နှင်းပုလဲဘူတာကြားမှာ ရထားလမ်းရေကျော်ကာ တာဘောင်တွေ ရေတိုက်စားခဲ့ပြီး ပေ ၂၄၀ ရှည်တဲ့ တံတားတစ်စင်း ပျက်စီးသွားခဲ့ပါတယ်။

တံတားပျက်စီးမှုကြောင့် ဇူလိုင် ၂၇ ရက်ကတည်းက ရထားလမ်းပိုင်းကို ပိတ်ထားခဲ့ပြီး အစားထိုး ပြုပြင်တာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

“ ကျွန်တော်တို့ ၁၈ ရက်နေ့ လောက်ပြန်ဖွင့်ဖို့လုပ်ထားတယ်။ အခုလောလောဆယ်တော့ ပြုပြင်မှုတွေ လုပ်နေတုန်းပါပဲ။ “ လို့ အထွေထွေမန်နေဂျာ ဦးကျော်မျိုးလွင်က ပြောပါတယ်။

 

နှင်းပုလဲဘူတာ၌ ရထားစီးခရီးသွားပြည်သူများ

 

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိတ်ထားပေးမယ့် ရန်ကုန်-နှင်းပုလဲဘူတာအထိ အစုန်ရထားတွေ ပြေးဆွဲနေပြီး မော်လမြိုင်-ရေး- ထားဝယ် လမ်းပိုင်းမှာလည်း အစုန်အဆန်ရထားတွေကို ပုံမှန်ပြေးဆွဲနေတယ်လို့ သိရပါတယ်။

ဇူလိုင်လအတွင်းက မြန်မာနိုင်ငံ အနှံအပြား မိုးကြီးတာကြောင့် ရထားလမ်းရေကျော်မှုတွေ ဖြစ်ခဲ့ပြီး ရန်ကုန်-မန္တလေး ရထားလမ်းနဲ့ ရန်ကုန်-မော်လမြိုင်ရထားလမ်းတွေကို ယာယီပိတ်ထားခဲ့ရပြီး ရန်ကုန်-မန္တလေး ရထားလမ်းကိုတော့ ဇူလိုင် ၃၁ ရက်ကတည်းက ပြန်လည်ပေးဆွဲနေတာဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က