ရန်ကုန်ဆေးရုံကြီးက လူနာတွေကို အာဟာရဒါနနဲ့ အသုံးအဆောင်ပစ္စည်းတွေကို လှူဒါန်းလိုတယ်ဆိုရင် ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ ခွင့်ပြုချက်မပါဘဲ လှူဒါန်းခြင်း မပြုဖို့ ရန်ကုန်ဆေးရုံကြီးကထုတ်ပြန် ကြေညာလိုက်ပါတယ်။



Photo - HTOO Group

 

ဆေးရုံကြီးက အချို့လူနာဆောင်တွေမှာ လှူဒါန်းတဲ့ အစားအသောက်တွေလိုအပ်တာထက်များနေပြီး အချို့လူနာဆောင်တွေက အလှူရှင်မရှိဖြစ်နေတာ (ဥပမာ -ကင်ဆာဆောင်မှာ လှူဒါန်းမယ့်သူများပြားနေတာ)၊ အချို့ရက်တွေ၊အချိန်တွေမှာ အလှူရှင်တွေ ထပ်နေတာကြောင့် လိုအပ်တာထက် ပိုလျှံနေတာတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

အချို့လှူဒါန်းတဲ့ အစားအသောက်တွေက လူနာတွေ စားသောက်ဖို့အတွက် မသင့်လျော်တာ၊ ကျန်းမာရေးနဲ့ မညီညွတ်တာ (ဥပမာ - ဆီးချိုရောဂါလူနာတွေကို အချိုရည် တွေ လှူတာ) တွေဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အလှူရှင်တွေက ရန်ကုန်ဆေးရုံကြီးရဲ့ ပုရိဝဏ်အတွင်းက မျက်နှာစာတွေမှာ လှူဒါန်းတဲ့အခါ လက်ခံတန်းစီယူသူတွေက ပိုနေတဲ့ အစားအသောက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်တာ ၊ ခွေးကျွေးတာတွေ ပြုလုပ်တာကြောင့် ဆေးရုံဝင်းအတွင်း ခွေးလေခွေးလွင့်တွေ ၊ ကြွက်၊ခြင်၊ယင်၊ပိုးဟပ်တွေ များလာပြီး ရောဂါကုသမှုနဲ့ ကာကွယ်ရေး အတွက် မလိုလားတဲ့ ရောဂါပိုးမွှား တွေ ဝင်ရောက်ခြင်း ၊ ကူးစက်ခြင်းအန္တရာယ် တွေဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။

ပိုလျှံတဲ့ အဟာရဒါနတွေကို လူနာမဟုတ်တဲ့ ဆေးရုံကြီး အနီးတဝိုက်မှာ နေထိုင်တဲ့ အခြေအနေမဲ့ကျူးကျော်တွေ၊ ပျံကျဈေးသည်တွေ ၊ မသက်ဆိုင်တဲ့ ပြင်ပလူတွေ အလွယ်တကူ စားသောက်နိုင်တာကြောင့် ဆေးရုံဝင်းထဲမှာ ကျူးကျော်နေထိုင်သူတွေ ၊ ပျံကျဈေးသည်တွေ တိုးပွားလာပြီး ဆေးရုံနဲ့ ဆေးရုံဝန်းကျင် ညစ်ညမ်းခြင်း ဆေးရုံရဲ့ ဂုဏ်သိက္ခာရပ်နဲ့ မညီညွတ်ခြင်း၊ ခိုးမှု၊ လောင်းကစားဝိုင်း၊ မီးဘေး စိုးရိမ်ရခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါကြောင့် ရန်ကုန်ဆေးရုံကြီးမှာ လှူဒါန်းလိုတဲ့ အလှူရှင်တွေ ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ကို ၃ ရက်ကြိုတင်ပြီး ဖုန်းနံပါတ် ၀၁-၃၇၄၉၂၃၊ ၊၀၁-၃၇၉၈၆၂ ကိုရုံးချိန်အတွင်း ဆက်သွယ်အကြောင်းကြားပြီး ဆေးရုံအုပ်ချုပ်ရေးအဖွဲ့ကနေ စနစ်တကျလှူဒါန်းနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က