ခရီး သည်တွေကို ငွေကြေးတောင်းခံမှုတွေ အများကြီးရှိသေးတယ်လို့ သိရပါတယ်။

ရန်ကုန်ဘူတာကြီးမှာ ခရီးသည်တွေရဲ့ ပစ္စည်းကို သယ်ပေးပြီး လူမိုက်ဆန်ဆန် အခကြေးငွေ တောင်းခံခဲ့တဲ့ လူ ၆ ဦးကို ဖမ်းဆီးလိုက်တယ်လို့ မြန်မာ့မီးရထား ရဲတပ်ဖွဲ့က သြဂုတ်လ ၂၀ ရက်နေ့မှာ Duwun ကိုပြောပါတယ်။



Yangon_Central_railway_station_12.jpg

Photo - ဝီကီပီးဒီးယား

 

သြဂုတ်လ ၁၈ ရက် ည ၉ နာရီခွဲအချိန်လောက်က ရန်ကုန်ဘူတာကြီးမှာ  ဝန်ထမ်းမဟုတ်ဘဲ အကျီအပြာဝတ်ထားတဲ့ လူ  ၆ ဦးက ခရီးသည်အမျိုးသမီးတွေဆီကနေ အလုပ်သမားခ ၁၇၀၀၀ ကျပ် တောင်းခဲ့တယ်လို့ သိရပါတယ်။

ငွေတောင်းခံရတဲ့ အမျိုးသမီးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားခဲ့ပြီးနောက် မြန်မာ့မီးရထားတာဝန်ရှိသူတွေက သိရှိသွားပြီး အခုလို စုံစမ်းဖော်ထုတ်ခဲ့တာလည်း ဖြစ်ပါတယ်။

“ရထားပေါ်ကနေ ဘူတာဆင်ဝင်အောက်အထိသယ်ပြီးကျမဆီကနေ သယ်ယူခ ၁၇၀၀၀တောင်းပါတယ်။

ကျမ မယုံနိုင်လို့ လေးခါတိတိထပ်မေးမိပါတယ်။ နံဘေးက Taxi သမားတွေကလည်း ပေးလိုက်ဖို့ပြောပါတယ်။ ကျမကို မင်းကဘယ်လောက်ပေးချင်တာလဲလို့မေးတာကြောင့် ကျမလက်ထဲမှာ ကိုင်ထားတဲ့ နှစ်ထောင်ကိုပြလိုက်တယ်။သတ်တော့မယ့် ရုပ်တွေနဲ့ ကျမတို့ကို ကြည့်နေကြပါတယ်။

ပုံစံတွေက လက်ရဲဇက်ရဲပုံစံတွေပါ။” လို့ ဆိုပြီး အဆိုပါ အမျိုးသမီးက သူရဲ့ ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။

အနီးအနားတစ်ဝိုက်မှာ ရဲတွေလုံးဝမရှိကြောင်း၊  မကျေပ်နပ်လို့ ရဲကို သွားတော့ဖို့လုပ်တော့ ခေါင်းဆောင်ဆိုသူက ကြိုက်တဲ့ရဲတိုင် ငါလိုက်ခဲ့မယ်ဆိုပြီး ပြောကြောင်း၊ အန်တီကြီးတစ်ယောက်လည်း အိတ်လေးတစ်လုံးသယ်တာ ၇၀၀၀ ပေးလိုက်ရကြောင်း အဆိုပါ အမျိုးသမီးက ဆက်ရေးသားထားပါတယ်။

အခုလို ဖြစ်စဉ် နောက်ထပ်မံမဖြစ်ပွားဖို့ ရန်ကုန်ဘူတာကြီးတာဝန်ရှိသူတွေ အစည်းအဝေးပြုလုပ်ခဲ့ပြီး မြန်မာ့မီးရထားဌာနကိုယ်စား ခရီးသည်ကို အနူးအညွှတ်တောင်းပန်အပ်ကြောင်း မြန်မာ့မီးရထား တိုင်းအမှတ် ၇ သွားလာရေးဌာနက အထွေထွေမန်နေဂျာ ဦးဇော်လွင်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

တွန်းလှည်းတစ်စီးအတွက် အလုပ်သမားခနှုန်းထားမှာ အနည်းဆုံး ကျပ် ၇၀၀ကနေ အများဆုံး ၁၅၀၀ ကျပ်အထိသာဖြစ်ပြီး နောက်မဖြစ်အောင် အလုပ်သမားခနှုန်းထားတွေကို ဗီနိုင်းနဲ့ ကြေငြာတာ၊ ပြန်ကြားရေးဌာနအနေနဲ့ ကြေငြာပေးတာတွေလုပ်ပေးမယ်လို့ ဦးဇော်လွင်က ဆက်လက်ရေးထားပါတယ်။

လက်ရှိတော့ ရထားနယ်နိမိတ်အတွင်း ခွင့်ပြုချက်မရှိဘဲ ကုန်ထမ်းတဲ့ ခြောက်ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က