အဓမ္မပြုကျင့်သူကို ၄ နာရီအတွင်းဖမ်းဆီးမိခဲ့ပါတယ်။

ပုဂံ ဘုရားဖူးလာသူ အသက် ၁၅ နှစ်အရွယ်မိန်းကလေးကို ဆိုင်ကယ်နဲ့ အပြန်လိုက်ပို့ပေးမယ်ပြောကာ အဓမ္မပြုကျင့်ခဲ့သူ ကို ၄ နာရီအတွင်း ဖမ်းဆီးမိခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကနေ သိရပါတယ်။

 

ကျူးလွန်သူ အေးလွင်

 

စက်တင်ဘာ ၁၅ ရက် ည ၇ နာရီအချိန်လောက်က အသက် ၁၅ နှစ်အရွယ် မိန်းကလေးငယ်က ညောင်ဦးမှာ ဘုရားစုံဖူးပြီးနောက် ရွာကို ပြန်ဖို့ ရွှေစည်းခုံ လိုင်းကားဂိတ် အသွားမှာ အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးကနေ ဆိုင်ကယ်နဲ့ ရောက်လာပြီး ဘယ်သွားမှာလဲလို့ မေးမြန်းခဲ့ပါတယ်။

အမျိုးသမီးငယ်က ရွာကို ပြန်မယ့်အကြောင်းပြောရာ အဲဒီအမျိုးသားကနေ “ ပုဂံမြို့သစ်ထိရောက်မယ် ..မြို့သစ်ရောက်ရင် နင့်အိမ်ကိုဖုန်းဆက်”  လို့ ပြောခဲ့တာကြောင့် ယုံကြည်ပြီး လိုက်သွားခဲ့ရာမှ အနောက်ဖွားစောကျေးရွာအရောက်မှာ လမ်းဘေးချုံထဲကို ဆွဲခေါ်ပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 

 

အမျိုးသမီးငယ်က အော်ဟစ်အကူအညီတောင်းခံပေမယ့် မှောင်မည်းလူပြတ်နေတာကြောင့် ဘယ်သူမှ မကြားရဘဲ သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်းသိရပါတယ်။

အဲဒီနောက် လမ်းပေါ်ကို ဆွဲခေါ်လာက ဒီကစောင့်နေ ဓာတ်ဆီသွားထည့်မယ်လို့ ပြောဆိုထွက်သွားစဉ် အဆိုပါ အမျိုးသမီးငယ်မှာ ထွက်ပြေးလာပြီး စူဠာမဏိဘုရားဈေးတန်းအရောက်မှာ ပတ်ဝန်းကျင်ကို အကူအညီတောင်းခံပြီး ပုဂံနယ်မြေရဲစခန်းကို ဆက်သွယ်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

အမျိုးသမီးငယ်ရဲ့ ပြောပြချက်အရ အဓမ္မပြုကျင့်သူက ရွှေစည်းခုံဘုရားပေါ်မှာ လုံခြုံရေးဝန်ထမ်းဝတ်စုံဝတ်ဆင်ထားသူ ဖြစ်တာကြောင့် ဆက်လက်စုံစမ်းရာ ညောင်ဦးမြို့ အမှတ် ၅ ရပ်ကွက်မှာနေတဲ့ အသက် ၄၃ နှစ် အရွယ်အေးလွင် ဆိုသူဖြစ်ကြောင်း သိရပါတယ်။

ကျူးလွန်သူ အေးလွင်ကို ပုဂံနယ်မြေရဲစခန်း (ပ)၇၇/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ အမှုဖွင့်ဆောင်ရွက်ထားတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က