၄ ရက်အတွင်း အကျဉ်းသား ၂၄ ဦးကို ပြန်လည်ဖမ်းမိထားပါတယ်။

စက်တင်ဘာ ၁၆ ရက်က ဘားအံအကျဉ်းထောင်ထဲကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ အကျဉ်းသား ၄၂ ဦးအနက် ၄ ရက်အတွင်း အကျဉ်းသား ၂၄ ဦးကို ပြန်လည်ဖမ်းမိထားတယ်လို့ ကရင်ပြည်နယ်ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ကရင်ပြည်ရဲတပ်ဖွဲ့ ရဲမှူးကြီးက ဦးဆောင်ကာ ပိတ်ဆို့ဖမ်းဆီးခဲ့ရာမှာ စက်တင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်အထိ အကျဉ်းသား ၂၂ ဦးကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

 

ရဲတပ်ဖွဲ့ လိုက်လံဖမ်းဆီးစဉ်။

 

အဲဒီနောက် စက်တင်ဘာ ၂၀ ရက်က ဘားအံမြို့နယ် မင်းဇီကျေးရွာမှာ ထောင်ဒဏ် ၂ နှစ်ကျခံထားရတဲ့ အောင်အောင် (ခ)ဖာစွပ်ကို ဖမ်းမိခဲ့ပြီး ဘားအံ-လှိုင်းဘွဲ့လမ်းမှာ လိုင်းကားပေါ်မှာ ရုပ်ဖျက်လာတဲ့ အမျိုးသားတစ်ဦးကို မသကာၤလို့စစ်ဆေးရာကနေ မင်းဇော် (ခ) သံချောင်းကို ဖမ်းမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 

 

 " ကျနော်တို့ပူးပေါင်းအဖွဲ့တွေနဲ့ ပိတ်ဆို့ရှာဖွေစစ်ဆေးခြင်းတွေ ဆက်လက်ဆောင်ရွက်နေပါတယ်၊ ပြည်သူများအနေနဲ့ မိမိပတ်ဝန်းကျင်မှာ ထူးခြားမှုတစ်စုံတစ်ရာတွေ့ရင် ရဲတပ်ဖွဲ့ကို သတင်းပို့ပေးဖို့ပြောကြားလိုပါတယ်''ဟု ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိကြီးတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက ထောင်ဝင်းအတွင်း သန့်ရှင်းရေး ပြုလုပ်ပြီး စုပုံထားတဲ့ အမှိုက်တွေကို သွားပစ်မယ့်ယာဉ်ရဲ့ ယာဉ်မောင်း အကျဉ်းသားဝန်ထမ်းကို အကျဉ်းသား ကျော်မိန်လက ထိုးကြိတ်ပြီး အကျဉ်းသား ၄၀ နဲ့အတူ ထောင်တံခါး ၄ ဆင့်ကို တိုက်ပြီးထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

 

ဘားအံအကျဉ်းထောင်ကို တွေ့ရစဉ်။

 



ထောင်ဒဏ် နှစ် အကန့်အသတ် မရှိ ကျခံထားရသူ ကျော်မိန်လ (ခ) အရှောင်ကိုတော့ လိုက်လံဖမ်းဆီးမှုအတွင်းရဲ့ သေနတ်နဲ့ အသေပစ်ခတ်ဖမ်းဆီးမှုလုပ်ခဲ့တယ်လို့လည်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့က သိရပါတယ်။

ထွက်ပြေး လွတ်မြောက်သွားတဲ့ အကျဉ်းသား ၄၁ ယောက်မှာ ပြစ်ဒဏ်ကျ တရားခံ ၂၉ ဦး၊ အမှုစစ်ဆေးဆဲ အချုပ်တရားခံ ၁၂ ယောက် ပါဝင် ပါတယ်။

အကျဉ်းထောင်ကနေ ထွက်ပြေးတဲ့ အကျဉ်းသား ၄၂ ဦးကို ဘားအံမြို့နယ်ရဲတပ်ဖွဲ့က (ပ)၃၉/၂၀၁၈၊ရာဇသတ်ကြီးပုဒ်မ ၂၂၄/၁၁၄ဖြင့်လည်းကောင်း၊(ပ)၄၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၃(ပ)၄၁/၂၀၁၈ ၊၁၉၆၁ခုနှစ် ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေတို့ဖြင့် အမှုဖွင့်အရေးယူထားပါတယ်။

Share

Loading Next Article...
က္က