အထူးသဖြင့် သိမ်ကြီးဈေးမှာ ဖြစ်တယ်လို့ပြောပါတယ်။

ရန်ကုန်က ဈေးတွေမှာ အငှားချထားတဲ့ဆိုင်ခန်းများကို ဂိုဒေါင်လိုလုပ်ပြီးအသုံးပြုနေတာတွေကို အရေယူမယ်လို့ ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက စက်တင်ဘာ ၂၅ ရက်နေ့မှာ ကျင်းပတဲ့ တိုင်းဒေသကြီးလွှတ်တော်မှာ ပြောလိုက်ပါတယ်။

 

42507608_2039358279463569_7157084556607094784_o.jpg

Photo - Yangon Regional Government

 

လသာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းဟန်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးတွေမှာ ဈေးအင်္ဂါရပ်နဲ့ မညီညွှတ်ဘဲ ပစ္စည်းသိမ်းဖို့ ဂိုဒေါင်များရှိနေတာနဲ့ ပတ်သက်ပြီး မေးမြန်စဉ်မှာ ခုလိုပြန်လည်ဖြေကြားလိုက်တာဖြစ်ပါတယ်။

“အထူးသဖြင့် သိမ်ကြီးဈေး(C)ရုံက အရောင်းအဝယ် စည်ကားမှု အားနည်းနေတယ်။ အားနည်းချက်ကို အသုံးချကာ ဂိုဒေါင်သဖွယ်အသုံးချပြီး တခြားနေရာမှာ သွားရောင်းတယ်။ သိမ်ကြီးဈေး (A)ရုံနဲ့ (B)ရုံကျတော့ ရောင်းကောင်းတယ်။ ဒီနေရာသွားပြီးတော့ စုပုံပြီးရောင်းတယ်။ နောက် သိမ်ကြီးဈေး (D)ရုံမှာည်း ဆိုင်ခန်းတွေကလည်း ပစ္စည်းတွေ လာရောက်သိုလှောင်ထားတာ ရှိတဲ့အတွက်ကြောင့် ဈေးများဌာနရယ်၊ အနောက်ပိုင်းခရိုင်ကနေ မြေပြင်ကွင်းဆင်းပြီး စစ်ဆေးအရေးယူခဲ့ပါတယ်။"လို့ မြို့တော်ဝန်ဦးမောင်မောင်စိုးကပြောပါတယ်။

ဆက်လက်ပြီး မြို့တော်ဝန်က "အဲ့တော့ ပစ္စည်းသိုလှောင်ထားတဲ့ ဆိုင်ခန်းပေါင်း (၁၈၆)ခန်းရှိပါတယ်။ အဲ့ဒီ့ထဲမှာ သူတို့ ပစ္စည်းတွေ စုပုံတယ်။ နောက်ပြီးတော့ ဂိုဒေါင်သဖွယ်ထားပြီးတော့ အသုံးပြုနေတဲ့အတွက်ကြောင့် ဒါကို ကျွန်တော်တို့ ဆက်လက်အသိပေးနေပါတယ်။ အရေးလည်း ယူနေပါတယ်။ စုစုပေါင်းအရေးယူပြီးတော့ ကျန်ရှိတဲ့ဆိုင်ခန်းပေါင်း ဆိုင်ခန်းပေါင်း (၂၄) ခန်းပဲ ကျန်ပါတော့တယ်။ အဲ့ဒီ့ (၂၄) ခန်းကိုလည်း ကျွန်တော်တို့ Notice ထုတ်ထားပါပြီ။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားဖယ်ရှားဖို့ Noticeပါ အတိအကျ ထုတ်ထားပါတယ်။ ဒါကြောင့်မို့လို့ ဈေးတွေမှာ အငှားချထားတဲ့ မှတ်ပုံတင်ဆိုင်ခန်းတွေမှာ ဂိုဒေါင်လိုအသုံးပြုနေတဲ့ သဘောမျိုးမရှိစေဖို့အတွက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နေပါတယ်။” လို့ ပြောပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဈေးများဌာနကွပ်ကဲမှုအောက်ရှိ ဈေးများတွင် အငှားချထားသည့် ဈေးဆိုင်ခန်းမျာအား စနစ်တကျ ရောင်းချရန်အတွက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် စည်းကမ်းချက်များကို သတ်မှတ်ပြဌာန်း၍ ဆောင်ရွက်လျက်ရှိရာ ဆိုင်ခန်းအငှားချထားသူများအား လိုက်နာရန် သတ်မှတ်ထုတ်ပြန်ထားသော စည်းကမ်းချက်များမှာ (၃၄)ချက်ရှိပြီး အချက်(၁၃)တွင် ဆိုင်နေရာများကို ပစ္စည်းများ စုပုံသိုလှောင်သော ဂိုဒေါင်သဖွယ် အသုံးမပြုရ ဆိုသည့်အချက်ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က