ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်တစ်ဦးနဲ့ အရပ်သားတစ်ဦးတို့ ထိမှန်ပြီးဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်မှာ ဒီနေ့ အောက်တိုဘာ ၁၄ ရက် မနက် ၈ နာရီဝန်းကျင်လောက်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ ယာဉ်တိုက်မှုကျူးလွန်သူက သေနတ်နဲ့ ပစ်ခတ်ခဲ့မှုကြောင့် ယာဉ်ထိန်းရဲတစ်ဦးနဲ့ အရပ်သားတစ်ဦးတို့ ထိမှန်ခဲ့တယ်လို့ မော်လမြိုင်မြို့နယ် မြိုင်သာယာရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။



 

မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက် ဦးစစ်မောင်လမ်းနဲ့ သမိန်ဗရမ်းလမ်းထောင့်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းကနေ သေနတ်နဲ့ ၅ ချက်ပစ်ခတ်ခဲ့လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်တစ်ဦးနဲ့ အရပ်သားတစ်ဦးတို့ ထိမှန်ပြီးဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

“ ဖြစ်စဉ်က ဟုတ်ပါတယ်။အခုလောလောဆယ်တော့ ကျူးလွန်သူမမိသေးပါဘူး။ လိုက်စုံစမ်းနေတုန်းပါ” လို့ မြိုင်သာယာနယ်မြေရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက Duwun ကိုပြောပါတယ်။

သေနတ်ပစ်ခတ်ကျူးလွန်သူမှာ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ကောတုံဌာနချုပ် ဒုဗိုလ်အဆင့်ရှိတဲ့ နိုက်ပိုက်ထွေး ဆိုသူဖြစ်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီးနောက် အခင်းဖြစ်နေရာကနေ ထွက်ပြေးသွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ ကိုဘိုဝင်းဆိုသူက Duwun မီဒီယာကိုပြောပါတယ်။

“ အဲဒီလူက ယာဉ်တိုက်ခဲ့ပြီးနောက် ယာဉ်ထိန်းကို အဓိထားပြီးတော့ သေနတ်နဲ့လိုက်ပစ်တာပါ။ သေနတ်ကို လေးငါးချက်လောက် ဖောက်တယ်။ယာဉ်ထိန်းကိုပစ်ရင်းနဲ့ အရပ်သားတစ်ဦးပါ ထိခိုက်သွားတာပါ။ ထွက်ပြေးသွားတာက ကားနဲ့မဟုတ်ဘဲ လမ်းလျှောက်ထွက်ပြေးသွားတာပါ။ သေနတ်နဲ့ ဆိုတော့ ဘယ်သူမှ လိုက်မဖမ်းရဲကြပါဘူး” လို့ ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ရေး မျက်မြင်တွေ့ရှိသူ ကိုဘိုဝင်းက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ယာဉ်ထိန်းရဲမှာ ဘယ်ဘက်ပါးထိမှန်သွားခဲ့ပြီး အရပ်သားမှာ ညာဘက်လက်ထုတ်ချင်းပေါက်သွားခဲ့လို့ မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ထားခဲ့ရာ စိုးရိမ်စရာတော့ မရှိဘူးလို့ သိရပါတယ်။ လက်ရှိတော့ သေနတ်ပစ်ကျူးလွန်သူနဲ့ အတူ ကားပေါ်မှာ ပါလာတဲ့ အမျိုးသမီးကိုတော့ မြိုင်သာယာနယ်မြေရဲစခန်းမှာ စစ်ဆေးဖမ်းဆီးထားတယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က