ဆရာကတော့ ဆင်းမယူခိုင်းခဲ့ပါဘူး

ကျူရှင်ဆရာရဲ့ ဖုန်းကိုဘယ်သူမသိအောင်မိလ္လာကျွင်းထဲဆင်းကောက်ခဲ့တဲ့ ကျောင်းသားလေးဦးသေဆုံးမှု နတ်မောက်မြို့မှာဖြစ်ပွားခဲ့တယ်လို့ နတ်မောက်မြို့မရဲစခန်းက တာဝန်ရှိသူက Duwun ကို အောက်တိုဘာ ၁၇ ရက်နေ့က ပြောပါတယ်။



 

Photo - နတ်မောက်ရဲစခန်း

"ကလေးတွေကသူ့ဆရာဖုန်းဆိုတော့စေတနာနဲ့ကောက်ပေးချင်ကြတာ။ဖုန်းကလဲ ဒီနေ့မနက်ပိုင်းက အိမ်သာထဲပြုတ်ကျသွားတာ"လို့ ယင်းရဲစခန်းရဲ့ တာဝန်ကျရဲအရာရှိတစ်ဦးကပြောပါတယ်။

ယနေ့မနက် ၁၀နာရီကျော်က နတ်မောက်မြို့နယ်၊ဈေးကုန်းရွာ ရွှေပန်းတောကျေးရွာအုပ်စုရှိ ပညာဥယျာဉ်ဘော်ဒါဆောင်က မိလ္လာကျွင်းအတွင်းမှာ ကျောင်းသားလေးဦး အောက်စီဂျင်ပြတ်လပ်သေဆုံးခဲ့တာဖြစ်တယ်လို့ နတ်မောက်မြို့မရဲစခန်းရဲ့ မှုခင်းရဲအရာရှိက ရှင်းပြပါတယ်။

သေဆုံးခဲ့တဲ့ကျောင်းသားလေးဦးဟာ တက္ကဝင်တန်းဖြေဆိုတော့မယ့် ကျောင်းသား၂ဦးနဲ့ ကိုးတန်းတစ်ဦး၊ရှစ်တန်းတစ်ဦးတို့ဖြစ်ပြီး ဖုန်းပြုတ်ကျသွားခဲ့တဲ့ ကျူရှင်ဆရာကတော့ သူ့ရဲ့ဖုန်းကို သေဆုံးသူကလေးငယ်တွေအား ဆယ်ယူပေးဖို့ ခိုင်းစေပြောဆိုတာမရှိကြောင်း နတ်မောက်မြို့မရဲစခန်းက ရှင်းပြပါတယ်။

လက်ရှိမှာ သေဆုံးသွားတဲ့ ကျောင်းသားလေးဦးရုပ်အလောင်းကို နတ်မောက်မြို့နယ်ရှိရွှေပန်းတောတိုက်နယ်ဆေးရုံမှာထားရှိပြီး သေမှုသေခင်းအမှတ်၃နဲ့ အမှုဖွင့်ထားပြီးဖြစ်တယ်လို့ နတ်မောက်မြို့မရဲစခန်းကပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က