ရန်ကုန်မြို့မှာ ပထမဆုံးအကြိမ် အဖြစ် အိုးပုတ်ပွဲတော်ကို ပြည်သူ့ရင်ပြင်ရှိ ဓမ္မစေတီလမ်းဝင်ပေါက်က စမ်းချောင်း Food Town Area မှာ အောက်တိုဘာ ၁၉ ရက်ကနေ အောက်တိုဘာ ၂၈ ရက်အထိ ကျင်းပသွားမယ်လို့ သိရပါတယ်။
Photo - Sanchaung Food Town
ဒီအိုးပုတ်ပွဲတော်မှာ အိုးပုတ်အမျိုးအစားပေါင်း ၄၀ နီးပါးလောက်ပါဝင် ခင်းကျင်းပြသသွားမှာဖြစ်ပြီး နိုင်ငံခြားခရီးသွားဧည့်သည်တွေအတွက် ဆွဲဆောင်မှုနေရာတစ်ခုဖြစ်လာအောင်၊ ရန်ကုန်မှာမှာ ပျောက်ကွယ်လုနီးပါးဖြစ်တဲ့ အိုးပုတ်ယဉ်ကျေးမှု ထွန်းကားလာစေဖို့ ရည်ရွယ်တယ်လို့ ပွဲစီစဉ်ကျင်းပတဲ့ မသက်နွယ်သူဝင်းက Duwun ကို ပြောပါတယ်။
“အိုးပုတ်တွေကို ခင်းကျင်းပြသတာအပြင် ရောင်းလဲရောင်းပါမယ်။ အိုးပုတ်ပွဲကို Night Market ဧရိယာထဲမှာ လုပ်မှာပါ။ ညနေ ၃ နာရီခွဲကနေ ည ၁၀ နာရီခွဲအထိ ကျင်းပမှာပါ။ တကယ်လို့ ဓာတ်ပုံရိုက်ချင်တဲ့သူတွေလည်း နေ့ခင်းတွေ လာပြီး ရိုက်လို့ရပါတယ်” လို့ Sanchaung Food Town မှ မန်နေဂျာ မသက်နွယ်သူဝင်းက ပြောပါတယ်။
အိုးပုတ်ပွဲတော်အပြင် အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းတွေရောင်းချမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ အိုးပုတ်ပွဲကို ၁၂ ရာသီပတ်လုံးကျင်းပသွားဖို့ အစီအစဉ်ရှိတယ်လို့ မသက်နွယ်သူဝင်းက ပြောပါတယ်။
Sanchaung Food Town ညဈေးကို အောက်တိုဘာ ၆ ရက်နေ့က ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အစားအသောက်၊ အဝတ်အထည်တွေ မျိုးစုံ ရောင်းချပေးနေတဲ့ ဈေးလည်းဖြစ်ပါတယ်။