အောက်တိုဘာ ၁၉ ရက်ကနေ အောက်တိုဘာ ၂၈ ရက်အထိ ကျင်းပမှာပါ။

ရန်ကုန်မြို့မှာ ပထမဆုံး အကြိမ်အဖြစ် အိုးပုတ်ပွဲတော်ကို အောက်တိုဘာ ၁၉ ရက်ကစပြီးတော့ ပြည်သူ့ဥယျာဉ် ဓမ္မစေတီလမ်းဝင်ပေါက် စမ်းချောင်းညဈေးမှာ ကျင်းပနေပါတယ်။



 

အိုးပုတ်ပွဲတော်ကို အောက်တိုဘာ ၁၉ ရက်ကနေ ၂၈ ရက်အထိ ၁၀ ရက်တိုင်တိုင်ကျင်းပမှာဖြစ်ပြီး ရန်ကုန်မြို့နေပြည်သူတွေ အိုးပုတ်လေးတွေကိုအမှတ်ရစေဖို့နဲ့ နိုင်ငံခြားသားဧည့်သည်တွေကို ဆွဲဆောင်စေတဲနေရာတစ်ခုဖြစ်စေဖို့ ရည်ရွယ်ကျင်းပတာလို့ စမ်းချောင်းညဈေးရဲ့ MD ဖြစ်သူ ကိုအောင်မြင့်မြတ်က Duwun ကိုပြောပါတယ်။

“ ရန်ကုန်မြို့ကလူတွေကို ရိုးရာအိုးပုတ်ကလေးတွေ လှလှပပလေးတွေကို ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ မြန်မာ့ရိုးရာမှာ ဒီလိုချစ်စရာကောင်းတဲ့အရုပ်လေးတွေ ရှိတယ်ဆိုတာလည်း နိုင်ငံခြားသားတွေကိုသိစေချင်လို့ပါ” လို့ ကိုအောင်မြင့်မြတ်က ပြောပါတယ်။

 

ဒီပွဲတော်ကို မနက် ၁၀ နာရီကနေ ည ၁၀ နာရီ အထိ လာရောက်နိုင်ပြီး မြန်မာ့ရိုးရာအိုးပုတ်ပစ္စည်းတွေအပြင် လက်မှုပန်းပုရုပ်တွေကိုပါ ခင်းကျင်းပြသထားပြီးတော့ ပွဲတော်ရက်အတွင်းတော့ အိုးပုတ်တွေကို ဝယ်ယူခွင့်မပြုထားဘူးလို့ ဆိုပါတယ်။

အိုးပုတ်ပွဲတော် စတင်ကျင်းပတဲ့အောက်တိုဘာ ၁၉ ရက်နေ့မှာ စိတ်ဝင်စားလို့ လာရောက်ကြည့်ရှုသူတွေ များပြားခဲ့ပြီးတော့ အခုလို အိုးပုတ်တွေကို မြင်ရတဲ့အတွက် ငယ်ဘဝကို အမှတ်ရစေတယ်လို့ ကျောက်တံတားမြို့နယ်က လာရောက်သူ မမိုနာက ပြောပါတယ်။

 

 

“ အိုးပုတ်လေးတွေကိုမြင်ရတာ ရွာကိုပြန်ရောက်သွားသလိုခံစားရတယ်။ ငယ်ငယ်တုန်းက ဒါလေးတွေနဲ့ ဆော့ခဲ့ရတော့ ငယ်ဘဝကို သတိရစေပါတယ်” လို့ မမိုနာက ဆိုပါတယ်။

အိုးပုတ်ပွဲတော်ကို မန္တလေးမြို့မှာ တစ်နှစ်မှာ တစ်ကြိမ်သာ ကျင်းပလေ့ရှိတာကြောင့် လူအများဆုံးစိတ်ဝင်စားတဲ့ပွဲတော်တစ်ခုလည်းဖြစ်ပြီး အခုရန်ကုန်မြို့မှာပါ ကျင်းပလာခဲ့တာဖြစ်ပါတယ်။  


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က