နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးနစ်နာမှုနဲ့ ပတ်သက်ပြီး တိုင်ကြားထားတဲ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါ်ညိုညိုသင်းတိုင်စာကို အရေးယူဖို့ အစီအစဉ်မရှိသေးဘူးလို့ အောက်တိုဘာ ၂၀ ရက်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒေါက်တာ ဒေါ်ညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရဲ့ တိုင်းလွှတ်တော်ကိုတင်သွင်းတဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် အစီရင်ခံစာမှာ နိုင်ငံတော်အတွက် ကြီးမားတဲ့ဆုံးရှုံးနစ်နာမှုတွေဖြစ်နေပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ အရေးယူပေးဖို့ တိုင်ကြားစာကို အောက်တိုဘာ ၁၅ ရက်နေ့က လက်ခံရရှိခဲ့တယ်လို့ ကော်မရှင် သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါ တိုင်ကြားစာအရ တိုင်းဒေသကြီးစာရင်းစစ်ချုပ်ရုံးက တိုင်းလွှတ်တော်ကို တင်ပြဆွေးနွေးခဲ့ပြီးဖြစ်တဲ့အတွက် သက်ဆိုင်ရာ အစိုးရဌာနတွေ ပြုပြင်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကျန်ရှိနေပြီး ဆောင်ရွက်ပြီးတဲ့အခြေအနေတွေကို တိုင်းစာရင်းစစ်ချုပ်ရုံးက လက်ခံနိုင်ဖွယ် ရှိ-မရှိ ဆက်စိစစ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေါက်တာဒေါ်ညိုညိုသင်းရဲ့ တိုင်ကြားစာမှာ စားရင်စစ်ချုပ်ရုံးနဲ့ အစိုးရဌာနတွေ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ မပြီးသေးကြောင်းနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပေဒ မပြင်ဆင်ခင်က ကိစ္စဖြစ်နေတာကြောင့် အောက်တိုဘာ ၁၈ ရက်မှာ ကျင်းပတဲ့ကော်မရှင် အစည်းအဝေးဆုံးဖြတ်ချက်အရ အရေးယူဆောင်ရွက်ဖို့ မရှိသေးဘူးလို့ သတင်းထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်း စာရင်းစစ်ချုပ်ရဲ့အစီရင်ခံစာအရ စီမံကိန်းတွေမှာ နိုင်ငံတော်က ငွေကျပ် ၅၁ ဘီလီယံကျော် ဆုံးရှုံးနေပြီးတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို ငှားရမ်းထားတဲ့ စီမံကိန်းတွေမှာလည်း နှစ်စဉ် ပြည်သူ့ဘဏ္ဍာငွေ ကျပ် ၅ ဒသမ ၈ ဘီလီယံနီးပါးလောက် ဆုံးရှုံးနေတယ်ဆိုပြီး ဒေါက်တာဒေါ်ညိညိုသင်းရဲ့ တိုင်ကြားစာမှာ ဖော်ပြထားပါတယ်။
စာရင်းစစ်ချုပ်ရုံးရဲ့ အစီရင်ခံစာ ခိုင်လုံတဲ့အထောက်အထားဖြစ်တာမို့ ဘဏ္ဍာငွေဆုံးရှုံးနစ်နာမှုတွေကို ကျော်စောသတင်းအဖြစ်မှတ်ယူပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ (က)အပိုဒ်၂ နဲ့ အကျုံးဝင်တာကြောင့် အရေးယူပေးဖို့အတွက် အောက်တိုဘာ ၁၃ ရက်က ကော်မရှင်ကို ပေးပို့တိုင်ကြားခဲ့တာဖြစ်ပါတယ်။