လားရှိုးမြို့က တရုတ်ဆေးခန်းတစ်ခုမှာ ခြေထောက်နာလို့ ဆေးခန်းသွားပြတဲ့ လူနာ သေဆုံးသွားခဲ့တာကြောင့် အဆိုပါ ဆေးခန်းက တရုတ်တိုင်းရင်းဆေးဆရာကို အရေးယူခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ အောက်တိုဘာ ၂၂ ရက် သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဖြစ်စဉ်ကတော့ အောက်တိုဘာ ၂၁ ရက် ၈ နာရီခွဲအချိန်က မူဆယ်မြို့၊ ပန်လုံရပ်ကွက်မှာ နေထိုင်တဲ့အသက် ၆၂ နှစ်အရွယ် ဦးရွှေရင်ဆိုသူ ညာဘက်ခြေထောက်နာကျင်နေလို့ ဇနီးနဲ့ အတူ လားရှိုးမြို့က ရပ်ကွက် ၁၂ ရှိ ယုံချမ်းဆေးခန်းကို သွားရောက်ပြသခဲ့တယ်လို့ ပြည်ထဲရေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါဆေးခန်းကတရုတ်တိုင်းရင်းဆေးဆရာ ဦးကျောက်ကျင်းရှော်က ဦးရွှေရင်ကို သွေးပေါင်ချိန်တိုင်းပြီး အခန်းထဲခေါ်သွားခဲ့ရာ ၅ မိနစ်ခန့်အကြာမှာ ဦးရွှေရင် အော်သံကြားလို့ ဇနီးဖြစ်သူက ဝင်ရောက်ကြည့်ရှုခဲ့ပါတယ်။
ဦးရွှေရင်က လက်မှာ ပိုက်တန်းလန်းနဲ့ ဆေးပုလင်းချိတ်လျှက်ကုတင်ပေါ်မှာ စကားမေးမရဘဲ ငြိမ်သက်နေတာကြောင့် လားရှိုးပြည်သူ့ဆေးရုံကိုတင်ပို့ခဲ့ရာ ၁၀ မိနစ်အကြာမှာသေဆုံးသွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရသိရပါတယ်။
ယုံချမ်းတရုတ်ဆေးခန်းမှ ဦးကျောက်ကျင်းရှော်မှာ ဆေးကုသခွင့်လိုင်စင်မရှိကြောင်း သိရှိရပြီး ဦးကျောက်ကျင်းရှော်ကို လားရှိုးနယ်မြေရဲစခန်းက (ပေါ့လျော့မှုကြောင့် လူသေမှု)အပြင် မြန်မာနိုင်ငံဆေးကောင်စီဥပဒေပုဒ်မ ၅၈နဲ့ အမှုဖွင့်စစ်ဆေးခဲ့တာဖြစ်ပါတယ်။