မောင်ငံရပ်ကွက် ဆောက်လုပ်ရေးဝန်းရှေ့မှာ လာရောက်စွန့်ပစ်ထားတာပါ။

မော်လမြိုင်မြို့မှာ အောက်တိုဘာ ၂၆ ရက်က မောင်ငံရပ်ကွက် ဆောက်လုပ်ရေးဝန်းရှေ့အသက် ၆၀ ခန့်ရှိတဲ့ အဘိုးအိုတစ်ဦးကို လာရောက်စွန့်ပစ်ခဲ့မှုဖြစ်ပွားခဲ့တယ်လို့ မော်လမြိုင် မုပွန်နယ်မြေရဲစခန်းကနေ စုံစမ်းသိရှိရပါတယ်။

 

 

“ သူ့ကိုမေးမြန်းကြည့်တဲ့အခါမှာ သူ့ကိုလာစွန့်ပစ်ခဲ့တာလို့ ပြောပါတယ်။ ကျွန်တော်တို့အပိုင်းနဲ့ သူ့ရဲ့ မိသားစုဝင်တွေကို စစ်ဆေးမေးမြန်းတာတွေမရှိပါဘူး။ အရေးယူတာမျိုးတွေလည်းမရှိပါဘူး။ အဘိုးကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပေါင်းပြီး ဆေးရုံကိုပို့ပေးခဲ့ပါတယ်။ “ လို့ မုပွန်နယ်မြေရဲစခန်းမှ ဒုရဲမှူးသန့်စင်က Duwun ကိုပြောပါတယ်။

 

 

အဆိုပါ အဘိုးအိုဟာ ဇေယျာမြိုင်ရပ်ကွက်မှာနေထိုင်သူ  ဖြစ်ပြီး သူ့ကို သားနဲ့ တူဖြစ်သူက လာရောက်စွန့်ပစ်ခဲ့တာလို့ အဘိုးအိုရဲ့ ပြောပြချက်အရသိရကြောင်း ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့တဲ့ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ မသော်တာဝင်းဇင်က Duwun ကိုပြောပြပါတယ်။

 

 

“ အဘိုးက ပြောတော့ သူ့ကို ကောင်လေးနှစ်ယောက်က ၂၆ ရက်ညကတည်းက လာစွန့်ပစ်ထားတာလို့ ပြောပါတယ်။ သူ့ကို ကြည့်ရတာ အားနည်းပြီး နေမကောင်းတဲ့ပုံလည်း ပေါ်နေတယ်။ သူ့ကို ဆက်မေးတော့ အဘိုးက ငိုပြီးတော့ သားနဲ့ တူဖြစ်သူတို့ လာစွန့်ပစ်တာလို့ ပြောပါတယ်။ အဘိုးက ဇေယျာမြိုင်ရွှေစေတီလမ်းထဲမှာ သူ့သမီးရှိတယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျွန်မတို့က စုံစမ်းပြီးတော့ အဘိုးရဲ့သမီးကို ဆက်သွယ်ပြီး လာပြန်ခေါ်မလား မခေါ်ဘူးလားမေးတော့ သမီးဖြစ်သူကနေ သူတို့စွန့်ပစ်တာမဟုတ်ဘူး။ သူ့ဘာသာသူသွားတာပဲတဲ့။ထိန်းမနိုင်ဘူးတဲ့  ကျွန်မကို အဲလိုပြောပါတယ်။နောက်တော့ သူတို့ရောက်လာပြီးတော့ ရဲစခန်းက တော့ မေးမြန်းဖို့ ခေါ်သွားပါတယ်” လို့ မသော်တာဝင်းဇင်က ဆိုပါတယ်။

 လက်ရှိတော့ အဆိုပါ အသက် ၆၀ အရွယ် အဘိုးကိုတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆေးရုံကို ပို့ဆောင်ထားပြီး ဖျားနာဆောင်မှာ ကုသမှုခံယူနေတယ်လို့သိရပါတယ်။

Share

Loading Next Article...
က္က