အင်ဒိုနီးရှားငါးဖမ်းစက်လှေနဲ့ ငါးဖမ်းသမား ၁၅ ဦးဖမ်းမိထားတာပါ။

ကော့သောင်းမြို့နယ်ဇာဒက်ကြီးကျွန်းမှာ နိုဝင်ဘာ ၆ ရက် ည ၁၁ နာရီကျော်အချိန်လောက်က မြန်မာ့ပိုင်နက်ထဲကို ငါးခိုးဖမ်းဖို့ ဝင်လာတဲ့ အင်ဒိုနီးရှားက ငါးဖမ်းစက်လှေနဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။



 

ဖြစ်စဉ်ကတော့ ရခစ (၅၈) မှ တပ်မတော်သားတွေက စစ်ရေယာဉ် အမှတ် T-201 နဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်  သန်ကျွန်းအနောက်မြောက် ၅၄ မိုင်ခန့်အကွာမှာ မြန်မာနိုင်ငံရေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံသား ဂျာမာလူတင် အပါအဝင် ပဲနင်း (ဖ) အာဘူဘာကာပါ အမျိုးသား ၁၆ ဦးပါလာတဲ့ BINTANG JASA အမည်ရှိ အင်ဒိုနီးရှားတရားမဝင်ငါးခိုးဖမ်းစက်လှေတစ်စီးကို တွေ့ရှိဖမ်းမိခဲ့ကြောင်း သိရပါတယ်။

တွေ့ရှိဖမ်းဆီးစဉ်မှာ အင်ဒိုနီးရှားနိုင်ငံသား ငါးဖမ်းစက်လှေသမားတွေက ရေထဲကို ခုန်ချထွက်ပြေးခဲ့ရာ  ဂျာမာလူတင်အပါအဝင် ငါးဖမ်းသမား ၁၅ ဦးတို့ကို ပြန်လည် ဆယ်ယူခဲ့တယ်လို့ ပြည်ထဲရေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ငါးဖမ်းသမား တစ်ဦး နူရိုအင်က တော့ ပြင်ပဒဏ်ရာမရှိဘဲ ရေနစ်သေဆုံးသွားခဲ့တာကြောင့် အလောင်းကို ကော့သောင်းမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပြီး ကော့သောင်းမြို့မရဲစခန်း၊ သေမှုသေခင်းအမှတ်စဉ် (၄၂/၂၀၁၈)နဲ့ အမှုဖွင့်စစ်ဆေးထားတယ်လို့သိရပါတယ်။

ဖမ်းဆီးရမိသည့်စက်လှေနှင့် အင်ဒိုနီးရှားငါးဖမ်းသမား ဂျာမာလူတင်အပါအဝင် ၁၅ ဦးကို ရခစ(၅၈) မှာ ထိန်းသိမ်းထားပြီး  မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဒုဦးစီးမှူး ဦးစိုးတင့်ထံ လွှဲပြောင်းအပ်နှံခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အင်ဒိုနီးရှားနိုင်ငံသားငါးဖမ်းသမားတွေက အင်ဒိုနီးရှားနိုင်ငံ၊ ဆူမတ်တြားကျွန်းမှ မြန်မာနိုင်ငံရေပိုင်နက်အတွင်းကို ဝင်ရောက်ငါးခိုးဖမ်းတာဖြစ်တာကြောင့်  ဂျာမာလူတင်ပါ ၁၅ ဦးအား ကော့သောင်း မြို့မရဲစခန်း(ပ)၂၀၀၉/၂၀၁၈၊ နိုင်ငံခြားငါးဥပဒေပုဒ်မ ၃၈(က)(ခ)နဲ့ အမှုဖွင့်စစ်ဆေးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က