အခြားနေရာမှာ ဗုံးတွေ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

တောင်ကြီးမြို့ လူစည်ကားတဲ့ မြို့မဈေးရှေ့မှာ နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက ဗုံးတစ်လုံး တွေ့ရှိပြီး အချိန်မီ ဘေးလွတ်ရာကို ရွှေ့ပြောင်းဖောက်ခွဲလိုက်နိုင်တယ်လို့သိရပါတယ်။

 

ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ဈေးမီးပွိုင့်အနီးက ရွှေလွှာထက် အထည်ဆိုင်ခွဲရှေ့မှာ မသင်္ကာဖွယ် သေတ္တာအမည်းတစ်လုံးကို တွေ့ရှိတယ်ဆိုပြီး သတင်းပေးလာတာကြောင့် ဒီကနေ့ နေ့လယ် ၃ နာရီခွဲဝန်းကျင်လောက်က မိုင်းရှင်းလင်းရေးအဖွဲ့တွေ လာရောက်ရှင်းလင်းခဲ့တယ်လို့ တောင်ကြီးမြို့ ဒေသခံ NLD ပါတီဝင် ဦးအောင်ကျော်နိုင်က Duwun ကိုပြောပါတယ်။

“ခုနလေးတင်ဖြစ်သွားတာပါ။ သက်ဆိုင်ရာ မိုင်းရှင်းတဲ့အဖွဲ့တွေက သဲအိတ်ခံပြီးဖောက်လိုက်ပါပြီ။ နေ့လယ် ၂ နာရီလောက်မှာ လမ်းကို ပိတ်လိုက်တယ်။ မြို့မဈေးအရှေ့ဘက် မီးပွိုင့်နားမှာ သေတ္တာလေးတစ်လုံးတွေ့တယ်ဆိုပြီး သတင်းပေးတဲ့သူဆီကနေ သိလို့ အချိန်မီဖောက်လိုက်ပါတယ်။ ” လို့ ဦးအောင်ကျော်နိုင်က ပြောပါတယ်။

အဆိုပါ ချိန်ကိုက်ဗုံးထည့်ထားတဲ့ သေတ္တာကို ဒီနေ့ နေ့လယ် ၂ နာရီလောက်က အဘိုးအိုတစ်ဦးက လာရောက်ချထားတာကို အနီးပတ်ဝန်းကျင် ဈေးဆိုင်တွေက တွေ့ရှိပြီး မသင်္ကာလို့ ဆိုပြီး သက်ဆိုင်ရာကို သတင်းပို့ အကြောင်းကြားခဲ့တာလို့သိရပါတယ်။

အဲဒီနောက် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတာဝန်ရှိသူတွေက သေတ္တာကိုစစ်ဆေးပြီး အချိန်မီ ဖျက်ဆီးရှင်းလင်းခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိအချိန်က တောင်ကြီးမြို့မှာ တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပနေတဲ့ ကာလဖြစ်ပါတယ်။ ပွဲတော်ကျင်းပတဲ့ ကာလဖြစ်တဲ့ နိုဝင်ဘာ ၁၅ ရက်ကနေ နိုဝင်ဘာ ၂၂ ရက်အထိတော့ တောင်ကြီးမြို့မှာ လုံခြုံရေးတွေတိုးမြှင့်ထားတာလည်း ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က