ပြည်ထဲရေးကထုတ်ပြန်တဲ့ သတင်းမှာတော့ ဖမ်းမိတယ်ဆိုပြီးရေးထားပါတယ်။

ဒီဇင်ဘာ ၆ ရက်က ဒိုက်ဦးမြို့နယ်မှာ ငွေစက္ကူအတုတွေရှိတယ်ဆိုပြီး ဖမ်းဆီးရမိခဲ့တာဟာ ကာယကံရှင်ကိုယ်တိုင်က ငွေအတုတွေဆိုပြီး ရဲစခန်းမှာ သွားအပ်ခဲ့တာသာဖြစ်တယ်လို့ ဖမ်းဆီးခံရသူရဲ့ မိခင်နဲ့ အဲ့ဒီကျေးရွာ အုပ်ချုပ်ရေးမှူးက Duwun ကိုပြောပါတယ်။



Photo - မောင်တင့်



ဒိုက်ဦးမြို့နယ် လယ်ကြားမြောင်ရွာမှာနေတဲ့ နော်သော့သွဲ့ထူး နဲ့ သူ့ရဲ့ မိခင်ဖြစ်သူ ဒေါ်သီသီခိုင်တို့က ဒီဇင်ဘာ ၅ ရက်နေ့ည ၆ နာရီလောက်က လယ်ကြားမြောင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းဆီကို လာပြီး ငွေအတုတွေမှန်းသိလို့ အပ်ချင်တယ်လို့ ပြောဆိုခဲ့တယ်လို့ ဦးလှဝင်းက Duwun ကိုပြောပါတယ်။

အဲ့ဒီနောက် နောက်တစ်နေ့ ဒီဇင်ဘာ ၆ ရက်နေ့ မနက် ဒိုက်ဦးမြို့ပေါ်က သစ်ဆန်းထွန်း ဆန်ဆိုင်က အသိတစ်ယောက်ကနေ တဆင့် ရဲစခန်းကို သွားအပ်ခဲ့တာဖြစ်တယ်လို့ ဒေါ်သီသီခိုင်က ပြောပါတယ်။

"ငွေအတုမှန်းသိလို့ အပ်ချင်တယ်ဆိုပြီး ကျွန်တော်တို့ကိုလာပြောပါတယ်။ ကျွန်တော်တို့လည်း သူတို့ နောက်တစ်နေ့မနက် ဒိုက်ဦးကို ငွေအတုတွေသွားအပ်တယ်ဆိုတာ သိလို့စီစဉ်ပေးလိုက်ပါတယ်။"လို့ အုပ်ချုပ်ရေးမှူးကပြောပါတယ်။

ငွေအတုတွေအပ်ပြီးတဲ့နောက်မှာ ကာယကံရှင် နော်သော့သွဲ့ထူး ရဲ့အိမ်ကို ရှာဖွေမှုတွေပြုလုပ်ပြီး နောက်ထပ်ငွေအတုတွေ မရှိတော့ပေမယ့် ဖမ်းဆီးလိုက်တာကြောင့် နော်သော့သွဲ့ထူး ဟာ လက်ရှိ ဒိုက်ဦးအချုပ်ထဲမှာရှိနေတယ်လို့ သိရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာတော့ လယ်ကြားမြောင်ကျေးရွာနေ နော်သော့သွဲထူးဆိုသူရဲ့ နေအိမ် အိပ်ခန်းအတွင်း တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၄၅ ရွက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးရမိမှုကို စစ်မေးရာ နော်သော့သွဲထူးဆိုသူက ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာတုန်းက စင်ကာပူနိုင်ငံမှာ အိမ်အကူလုပ်ကိုင်ခဲ့ပြီး အိမ်ရှင်အမျိုးသမီးက လုပ်အားခရှင်းရာမှာ စင်ကာပူနိုင်ငံက MM Sharife Trader မှာ လဲလှယ်ခဲ့တဲ့ ငွေတွေဖြစ်ပြီး ငွေအတုတွေ ဖြစ်နေတယ်လို့ သိရှိခဲ့ရတာဖြစ်တယ်ဆိုပြီး ထုတ်ပြန်ထားပါတယ်။

နော်သော့သွဲ့ထူးဆိုသူကို ဒိုက်ဦးမြို့မရဲစခန်းကနေ (ပ) ၁၄၂၀/၂၀၁၈ ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဒိုက်ဦးမြို့မရဲစခန်းကို Duwun က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တယ်လီဖုန်းမကိုင်ခဲ့ပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က