AD
AD
AD
play
7Day Hero ဆုရရှိသူများ ဓာတ်ပုံ - ကျော်ဇင်သန်း

 

၂၀၁၇ ခုနှစ်အတွက် 7Day Hero ဆုတွေကို မတ်လ ၇ရက်နေ့က ကျင်းပတဲ့ 7Day သတင်းဂျာနယ် ရဲ့ ၁၆နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားမှာချီးမြှင့်ခဲ့ပြီး  One Championship – MMA ၀ိတ်တန်းနှစ်ခုရဲ့ ဒုတိယမြောက် ကမ္ဘာ့ ချန်ပီယံ အောင်လအန်ဆန်က မြန်မာလူငယ်များ အားကျအတုယူစရာ ပုဂ္ဂိုလ်အဖြစ် ဆုချီးမြှင့်ခံခဲ့ရပါတယ်။

“ဒီဆုကို ပရိသတ်အားလုံးအတွက်ရည်ညွှန်းပါတယ်။ အားပေးတဲ့ ပရိသတ်ကြီးသာမရှိခဲ့ရင် ဒီနေရာကို ရောက်ရှိလာမှာ မဟုတ်ပါဘူး။ ချန်ပီယံလည်းဖြစ်မှာ မဟုတ်ပါဘူး။ ဒီနေ့ရတဲ့ဆုကို လိုအပ်နေတဲ့ နေရာမှာ လှူဒါန်းသွားပါမယ်” လို့ အောင်လအန်ဆန်ကိုယ်စားတက်ရောက်ခဲ့တဲ့ အောင်လရဲ့ မန်နေဂျာ ကိုဖုန်းကျော်မိုးမြင့် ကပြောပါတယ်။

ဒါ့အပြင် မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ကွမ်းခြံရိုးဘူတာနားက တဲအိမ်တစ်ခုမှာနေတဲ့ အသက် ၃၄နှစ်အရွယ် မသီတာဦးက စစ်မှန်သော သတ္တိရှင် 7 Day Hero ဆုကိုရရှိခဲ့ပါတယ်။

အစ္စလမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ မသီတာဦးဟာ ၂၀၁၇ နိုဝင်ဘာလက သူနေထိုင်တဲ့ တဲအိမ်နားက ရေကန်မှာ ရေနစ်ခဲ့တဲ့ အသက် ၅နှစ်အရွယ်ကလေးကို ကယ်တင်ရင်း အဲဒီအချိန်က လွယ်ထားတဲ့ ကိုယ်ဝန်ပျက်ကျခဲ့တဲ့အတွက် သူ့ရဲ့ ရင်သွေးလေးကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတတယ်။

ရေနစ်သူ သားအဖနှစ်ယောက်အနက် ဖခင်ဖြစ်သူကတော့ ရေနစ်ပြီး ပြန်မပေါ်လာတော့ပဲ သားဖြစ်သူကိုပဲ ကယ်တင်လာခဲ့ရတယ်လို့ လို့ မသီတာဦးက ပြောပါတယ်။

“ကလေးရေနစ်နေတဲ့အချိန်မှာ ကျွန်မအနေနဲ့ သူဘယ်ဘာသာရယ်လို့ မစဉ်းစားမိပါဘူး။ အသက်တစ်ချောင်းကယ်ဖို့အတွက်ပဲ စဉ်းစားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်မဘာသာနဲ့ အလ္လာရှင်မြတ်ကို ကျွန်မရဲ့ အသက်ကို မကယ်ရင်နေပါ။ ဒီကလေး အသက်ကိုပဲကယ်ပေးပါလို့ပဲ ဆုတောင်းခဲ့ပါတယ်။” လို့ ဆုလက်ခံတဲ့အချိန်မှာ အဲဒီတုန်းက အဖြစ်အပျက်ကို သူကပြန်ပြောပါတယ်။

မသီတာဦးလိုပဲ ကိုယ့်ရဲ့အသက်ကို ပဓာနမထားပဲ သူတစ်ပါးအသက်ကိုယ်တင်းရင်း ကိုယ်တိုင် အသက်ဆုံးရှုံးသွားခဲ့တဲ့ မှော်ဘီမြို့နယ်က ကွယ်လွန်သူကျောင်းဆရာမ ဒေါ်သန်းသန်းဝေက ကိုယ်စားကြွေလွင့်ပေးသူအဖြစ် 7Day Hero ဆုကိုရရှိခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုသဖွယ် ဆေးကုသပေးခဲ့တဲ့ ဒေါက်တာ ခင်သန်းအေးကို နိုင်ငံရေး အကျဉ်းသားများ၏ မီးအိမ်ရှင် အဖြစ် ဆုပေးအပ်ခဲ့ပြီး၊ ၂၀၁၇ခုနှစ် မွန်ဂိုးလီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ကာယဗလပြိုင်ပွဲမှာ မြန်မာနိုင်ငံအတွက် ပထမဆုရရှိသွားတဲ့ ကိုထွန်းထွန်းအောင်ကို မဖြစ်နိုင်တာဘာမှ မရှိဘူးဆိုတာ သက်သေပြခဲ့သူ အဖြစ် ဆုချီးမြှင့်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD