AD
AD
AD
play

 

ARSA အကြမ်းဖက်အဖွဲ့ကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့အညီ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ထိရောက်စွာ ပူးပေါင်းဖော်ထုတ်တိုက်ဖျက်ပြီး လုံလောက်တဲ့ ကာကွယ်မှု ပြုလုပ်ပေးရေး ပြည်ခိုင်ဖြိုးအမတ်ရဲ့အဆိုကို ဇွန်လ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့တယ်လို့ ဒီနေ့ထုတ် 7Day သတင်းစာမှာ ဖော်ပြထားပါတယ်။

ဇွန်လ ၁၅ ရက်က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေး တင်သွင်းတဲ့ နိုင်ငံအတွင်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ထပ်မံမဖြစ်ပေါ်စေဖို့နဲ့ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ ထပ်မံမဖြစ်စေဖို့ ARSA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် ဖြစ်စဉ်များအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် အညီ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ထိရောက်စွာ ပူးပေါင်းဖော်ထုတ်တိုက်ဖျက်ပြီး လုံလောက်သည့် ကာကွယ်မှု ပြုလုပ်ပေးရေးအဆိုကို တပ်မတော်သားကိုယ်စားလှယ် ၃ ဦးအပါအ၀င် လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးတို့က ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

play

 

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး မြန်မာအသိရှိရှိနဲ့ ကမ္ဘာကြည့်ကြည့်ကာ အကြမ်းဖက်မှုများထပ်မံမဖြစ်ပေါ်စေဖို့ သူ့ရဲ့အဆိုကို လွှတ်တော်က အတည်ပြုပေးဖို ပြည်ခိုင်ဖြိုးအမတ်ဦးသောင်းအေးက တောင်းဆိုခဲ့တာပါ။

ARSA အကြမ်းဖက်အဖွဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တိုက်ဖျက်ဖို့ တိုက်တွန်းထားတာက ကြိုဆိုရမယ့်ကိစ္စဖြစ်ပြီး ဒီလို တိုက်ဖျက်ရာမှာအကြမ်းဖက်သမားတွေကိုပဲ မျက်နှာမူကာ ပြည်သူကိုကျောခိုင်းခြင်းမျိုး မဖြစ်သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရန်ကင်းအမတ် ဒေါ်ဇင်မာအောင်က ဆွေးနွေးအကြံပြုခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးကိုယ်စားပြု ပျော်ဘွယ်အမတ် ဦးသောင်းအေးရဲ့ အထက်ပါအဆိုကို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီမှ ငါးဦး၊ ရခိုင်အမျိုးသားပါတီမှ ငါးဦး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလေးဦးနဲ့ တပ်မတော် သားကိုယ်စားလှယ် လေးဦးက ဆွေးနွေးပြီးနောက် အဆိုကို ကန့်ကွက်သူမရှိလို့ အတည်ပြုဆုံးဖြတ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD