AD
AD
AD
play

 

လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးလောင်မှုကို (၈၀)ရာခိုင်နှုန်းခန့် ထိန်းနိုင်ပြီဖြစ်ပြီး မီးငြိမ်းရေးအပြင် မီးခိုးများပါငြိမ်းသတ်နိုင်ဖို့ (Bio Foam) သုံးပြီး ဆောင်ရွက်မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ဧပြီလ ၂၅ ရက်နေ့ မနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ လှိုင်သာယာထိန်ပင်အမှိုက်ပုံမီး အမြန်ငြိမ်းသတ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

"အမှိုက်ပုံကို မီးကူးစက်မှုမရှိစေရေးက ပထမအဆင့်၊ ဒုတိယအဆင့်က အပြီးသတ် မီးငြိမ်းသတ်ရေးနဲ့ မီးခိုးပျောက်သွားဖို့ ဖြစ်ပါတယ်၊ အခုကျနော်တို့ ရောက်နေတဲ့ အဆင့်က မီးမကူးစက်ရေးကိုတော့ ထိန်းနိုင်ပြီ၊ မီးငြိမ်းသတ်ရေးကို( ၈၀)ရာခိုင်နှုန်းလောက် ထိန်းနိုင်ပြီ၊ မထိန်းနိုင်သေးတာ မီးခိုးဖြစ်ပါတယ်၊ မီးခိုးကို နည်းပညာပိုင်းဆိုင်ရာနဲ့ ထပ်ပြီးဆောင်ရွက်နိုင်ဖို့ Bio Foam သုံးမယ်ဆိုတဲ့ အစီအစဉ်ဆောင်ရွက်ထားတယ်၊ အခုမှာယူထားတယ်၊ ဒါက (၃၆) နာရီအတွင်း ရောက်လာနိုင်ဖို့ တွန်းအားပေး ဆောင်ရွက်နေပါတယ်"လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

play

 

မီးငြိမ်းသတ်ရေးအတွက် နည်းပညာပိုင်းအနေဖြင့် Bio Foam မဖြန်းနိုင်သေးခင်၊ ပထမတစ်ဆင့်အနေနဲ့ ရေလိုအပ်တဲ့ နေရာတွေကို ရောက်နိုင်ဖို့အတွက် ဒရုန်းသုံးပြီး ဆောင်ရွက်သွားမယ်လို့ ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။

အဆိုပါ Bio Foam ကို ဂျပန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံတို့မှာ အသုံးပြုနေပြီးလက်ရှိမှာ ထိုင်းနိုင်ငံကနေ မှာယူထားကာ Bio Form ဂါလံ (၅၀၀၀)လောက်လိုအပ်မှာ ဖြစ်ပေမယ့် ဂါလံ(၁၈၀၀) ပဲရတယ်လို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ပြောပါတယ်။

ဧပြီလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက စတင်လောင်ကြွမ်းခဲ့တဲ့ ထိန်ပင်အမှိုက်ပုံမီးလောင်မှုကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အမှိုက်ပုံမီးကို မီးငြှိမ်းသတ်ယာဉ် ၁၆ စီး၊ မီးသတ်ရေသယ်ယာဉ် ၁၄ စီး၊ မီးသတ်အထောက် အကူပြုယာဉ် ခြောက်စီး၊ အုပ်ချုပ်မှုယာဉ် ခြောက်စီး၊ မီးသတ်စက်ယာဉ် တစ်စီး၊ မိတ်ဖက်ယာဉ် လေးစီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၁၃ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၁၁၁ ဦးတို့နဲ့ မီးငြှိမ်းသတ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ဒေသခံတပ်ရင်းက တပ်မတော်သားတွေလည်း လာရောက်ကူညီငြှိမ်းသတ်ပေးနေတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD