ဧပြီလတုန်းက F7 လေယာဉ်တစ်စီး လေ့ကျင့်ပျံသန်းရင်း တောင်ငူမြို့အနီး ပျက်ကျခဲ့ပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၆ ရက် မနက်ပိုင်းက F7 စစ်လေယာဉ်နှစ်စီး ပျက်ကျမှုမှာ ရာသီဥတု ရုတ်တရုတ်ဆိုးရွားမှုကြောင့်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ တရားဝင် ဝက်ဘ်ဆိုဒ်ကနေ ဒီနေ့ နေ့လယ်ပိုင်းက သတင်းထုတ်ပြန်ပါတယ်။

 

 

ဖြစ်စဉ်ကတော့ မကွေးလေတပ်စခန်းဌာနချုပ်မှ အက်ဖ်-၇ လေယာဉ် ၄ စီးဟာ ဒီနေ့ မနက် ၆ နာရီကျော်လောက်မှာ အုပ်စုဖွဲ့ လေ့ကျင့်ပျံသန်းခဲ့ပြီး လေတပ်စခန်းဌာနချုပ်ကို ပြန်လာစဉ် ရာသီဥတု ဆိုးရွားခဲ့ပြီး လေယာဉ်တွေကို ကြိုးစားထိန်းချုပ် ဆင်းသက်ခဲ့တယ်လို့ တပ်မတော်သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 

 

အဲဒီလိုဆင်းသက်ရာ လေယာဉ် ၄ စီးအနက် ၂ စီးကတော့ လေယာဉ်ကွင်းကို အောင်မြင်စွာဆင်းသက်နိုင်ခဲ့ပြီး ကျန်လေယာဉ် ၂ စီး ကတော့ မင်းဘူးမြို့တောင်ဘက်ဆားဗွက်ချောင်းတံတားအနီးမှာ ၁ စီး၊ မင်းဘူးမြို့၊ သနပ်ပင်စုကျေးရွာအနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာရှိ လယ်ကွင်းအနီးမှာ ၁ စီး ပျက်ကျခဲ့ပြီး လေယာဉ်မှူး ဗိုလ်ကြီးဟိန်းသူအောင်နှင့် ဗိုလ်ကြီးဖြိုးမောင်မောင် တို့သေဆုံးခဲ့တာဖြစ်ပါတယ်။

ဆားဗွက်ချောင်းအနီးပျက်ခဲ့တဲ့ လေယာဉ်အပိုင်းအစထိမှန်ပြီးတော့ လေယာဉ်ပျက်ကျတဲ့ အနီးအနားမှာ ရှိနေခဲ့တဲ့ စာကျက်နေတဲ့ ငါးတန်းကျောင်းသူ မသွယ်ဇင်ငြိမ်းကို ထိမှန်သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

လက်ရှိတော့ လေယာဉ်ပျက်ကျခဲ့တဲ့ နေရာတွေကို တာဝန်ရှိသူတွေ သွားရောက်ပြီး အသေးစိတ်စစ်ဆေးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပျက်ကျခဲ့တဲ့ အဲ့ဒီစစ်ဘက်လေယာဉ်နှစ်စီးထဲကနေကျည်ဆန်တွေနဲ့ လက်နက်တွေပါ တွေ့ရှိခဲ့တယ်လို့လည်း မျက်မြင်တွေ့ရှိသူတွေ ပြောကြားချက်အရသိရပါတယ်။

လေယာဉ်အစိတ်အပိုင်းထိမှန်မှုကြောင့်သေဆုံးခဲ့တဲ့ အသက် ၁၀ နှစ်အရွယ် မသွယ်ဇင်ငြိမ်းကို ဒီနေ့ညနေ လေးနာရီမှာ မကွေးက မီးသဂြိုလ်စက်မှာ သဂြိုလ်မယ်လို့ မင်းဘူး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်က Duwun ကိုပြောထားပါတယ်။

ယခုနှစ် ဧပြီလ ၃ ရက်နေ့တုန်းကလည်း တောင်ငူလေတပ်စခန်းဌာနချုပ်က အမောင်းသင်လေယာဉ်လေကျင့်နေတဲ့ F7 လေယာဉ်တစ်စီးက တောင်ငူမြို့ ကျွန်းကုန်းရွာအနီးမှာ ပျက်ကျခဲ့ပြီး လေယာဉ်မှုးသေဆုံးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က