AD
AD
AD

သံဖြူဇရပ်မြို့နယ်မှာ ဖုန်းဘေဝယ်ယူခဲ့တဲ့ လင်မယားနှစ်ဦးထံမှ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတုအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ Facebook စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

play
ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည့် လင်မယားနှစ်ဦးကို တွေ့ရစဉ်


ယမန်နေ့ (ဧပြီ ၁၅ ရက်) မနက် ၁၁ နာရီဝန်းကျင်မှာ သံဖြူဇရပ်မြို့နယ်၊ ဆင်တောကျေးရွာနေ ကိုသိန်းမင်းလတ်ပိုင် ဆင်တောလမ်းဝရှိ အအေးဆိုင်သို့ သူရ(ခ)လှမြင့်နဲ့ ၎င်းရဲ့ဇနီး မစန်းမော်တို့က ငွေစက္ကူအတုလို့ ယူဆရတဲ့ ၁၀၀၀၀ ကျပ်တန် နှစ်ရွက်ဖြင့် ဖုန်းဘေ ၁၀၀၀၀ တန်နှစ်ကတ် လာရောက်ဝယ်ယူခဲ့ကြောင်း သိရပါတယ်။

ဆိုင်ပိုင်ရှင်က ကျိုက္ခမီနယ်မြေရဲစခန်းသို့ အကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက သက်သေများနဲ့အတူ သွားရောက်စစ်ဆေးခဲ့ပါတယ်။

ထိုသို့ စစ်ဆေးခဲ့ရာမှာ သူရ(ခ)လှမြင့်နဲ့ဇနီးတို့အား သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့အဝင် ဆိုင်းဘုတ်ရှေ့မှာ တွေ့ရှိခဲ့ပြီးနောက် ဇနီးဖြစ်သူ မစန်းမော်ရဲ့ ပိုက်ဆံအိတ်အတွင်းမှ ငွေစက္ကူအတုလို့ ယူဆရတဲ့ ၁၀၀၀၀ ကျပ်တန် ၁၂ ရက်၊ ဖုန်းဘေနှစ်ကတ်၊ ငွေစက္ကူရောရာ ၂၆၈,၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

play
မြန်မာနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်မှု


၎င်းတို့နှစ်ဦးအား စစ်ဆေးမေးမြန်းမှုအရ သူရ(ခ)လှမြင့်ဟာ ပြီးခဲ့တဲ့ ၁၀ ရက်ခန့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ တညင်ကျေးရွာ တညင်ဘုရားပွဲ ဖဲလောင်းကစားဝိုင်းမှာ ကရင်အမျိုးသားတစ်ဦး (စိစစ်ဆဲ) အား ငွေကျပ်သုံးသိန်း ထုတ်ချေးခဲ့တယ်လို့ ဆိုပါတယ်။

ထိုနောက် နှစ်ရက်အကြာမှာ အဆိုပါ ကရင်အမျိုးသားက အတိုးငွေ အပါအဝင် ငွေကျပ် ၃၆၀,၀၀၀ ပြန်လည်ပေးဆပ်ခဲ့ရာ သူရ(ခ)လှမြင့်က ဇနီးဖြစ်သူထံ အပ်နှံခဲ့ကြောင်းနဲ့ ငွေကျပ် ၅၀၀၀၀ ကို သုံးစွဲခဲ့ကြောင်း သိရပါတယ်။

ထို့နောက် ဧပြီ ၁၄ ရက်မှာ တောင်ဘက်ကျေးရွာမှ ထွက်ခွာလာပြီး မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ညအိပ်ခဲ့စဉ် ကရင်အမျိုးသား အကြွေးဆပ်ခဲ့တဲ့ ငွေစက္ကူများအား ကြည့်ရှုခဲ့ရာ ၁၀၀၀၀ တန် ၁၄ ရွက်မှာ အတုဖြစ်နေကြောင်း သိရှိခဲ့တယ်လို့ ဆိုပါတယ်။

play
သိမ်းဆည်းရမိခဲ့တဲ့ တစ်သောင်းကျပ်တန် ငွေစက္ကူအတုများ


ဧပြီလ ၁၅ ရက်နေ့ နံနက် ၈ နာရီအချိန် နှီးပဒေါကျေးရွာမှ သံဖြူဇရပ်မြို့နယ်ဘက်သို့ ထွက်ခွာလာပြီး ဖုန်းဘေဝယ်ယူကာ ကျိုက္ခမီမြို့ဘက်သို့ ထွက်ခွာလာစဉ် ဖမ်းဆီးခံရခြင်း ဖြစ်တယ်လို့ သူရ(ခ)လှမြင့်နဲ့ ဇနီးတို့က ထွက်ဆိုထားပါတယ်။ ၎င်းတို့နှစ်ဦးအား ကျိုက္ခမီနယ်မြေရဲစခန်း (ပ)၆၁/၂၀၁၈၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။

ယမန်နှစ် အောက်တိုဘာလကုန်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်ရှိ ဘုံကထိန်အလှူခံမဏ္ဍပ်တစ်ခုမှာ ငွေစက္ကူအတုတွေ ကိုင်ဆောင်ပြီး လှူဒါန်းသုံးစွဲနေကြောင်း သတင်းရခဲ့ပြီးနောက် ရဲတပ်ဖွဲ့က သွားရောက်ရှာဖွေခဲ့ပြီး ငွေစက္ကူအတုများ သိမ်းဆည်းရမိခဲ့ပါတယ်။

အဆိုပါ ရပ်ကွက်မှာ နေထိုင်တဲ့ ကားလက်မှတ်ရောင်းသူ ဦးအောင်ကျော်ရဲ့ဘေးလွယ်အိတ်ထဲကနေ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၃၉ ရွက်နဲ့ ၅၀၀၀ ကျပ်တန် ငွေစက္ကူအတုအရွက် ၆၀ (ကျပ် ၁၆ သိန်းကိုး သောင်း) ကို သိမ်းဆည်းရမိခဲ့တာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD