AD
AD
AD
play

 

ထိုင်းနို်င်ငံမှာ အလုပ်လုပ်ကိုင်ဖို့ လာရောက်ခဲ့တဲ့ MOU မြန်မာလုပ်သားတွေစီးလာတဲ့ မှန်လုံကားတစ်စီး တာ့ခရိုင်နားမှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ ယာဉ်ပေါ်လိုက်ပါလာတဲ့ မြန်မာလုပ်သား ၂၁ ဦး မီးလောင်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မြန်မာလုပ်သား ၄၀ ကျော်ပါဝင်ခဲ့တဲ့ အဆိုပါယာဉ်က မတ်လ ၃၀ ရက် မနက် ၂ နာရီလောက်မှာ မဲဆောက်လမ်းကြောင်းကတစ်ဆင့် မောင်းနှင်လာတုန်း ထိုင်းနိုင်ငံတာ့ခရိုင်ထဲက တောင်ပေါ်အဆင်းလမ်းမှာ ယာဉ်မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တာပါ။

မီးလောင်မှုကြောင့် မြန်မာအလုပ်သမား ၂၁ ဦး ယာဉ်ပေါ်မှာတင် မီးလောင်ကျွမ်းသေဆုံးခဲ့ပြီး ကျန်တဲ့ဒဏ်ရာရသူတွေကို တာ့ခရိုင် တာ့မြို့နယ်ဆေးရုံကြီး အရေးပေါ်ဆေးကုသဆောင်ကို ပို့ဆောင်ပေးခဲ့ရကာ တစ်ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမား အရေးကူညီဆောင်ရွက်ပေးနေတဲ့ AAC မဟာမိတ်အဖွဲ့မှ ကို နေလင်းသူ ပြောပါတယ်။

play

 

“အခုလောလောဆယ်ကတော့ သေဆုံးသူ လေး ၊ ငါးဦးလောက်ရဲ့ မိသားစုဝင်တွေနဲ့ အဆက်သွယ်ရထားပါတယ်။ မကွေးတိုင်း၊ ပဲခူးတိုင်းက လူတွေ ပါတယ်။ ညတွင်းချင်း ၃ နာရီလောက်က သိရပါတယ်။ အခုအမှုဖြစ်စဉ်ကိုတော့ လိုက်နေပါတယ်”လို့ ကိုနေလင်းသူက ဓူဝံမီဒီယာကို ပြောပါတယ်။

အဆိုပါယာဉ်မှာ နှစ်ထပ်မှန်လုံယာဉ်အမျိုးအစားဖြစ်ပြီး မီးလောင်မှုကြောင့် ကားတစ်စီးလုံး မီးလောင်ပျက်စီးခဲ့ကာ ထိုင်းလူမျိုးယာဉ်မောင်းက ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရပါတယ်။

ယာဉ်ပေါ်ပါ အလုပ်သမားတွေက မြန်မာအေဂျင်စီ စတားပိုင်အိုင်းနီးယားမှ မြန်မာနဲ့ ထိုင်းနိုင်ငံ သဘောတူညီချက် MOU စာချုပ်စနစ်နဲ့ လာရောက်တဲ့ အလုပ်သမားအသစ်တွေ ဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD