AD
AD
AD

စီမံကိန်းနဲ့ဘဏ္ဏာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို ၎င်းရဲ့ သဘောဆန္ဒအလျောက် ရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ နိုင်ငံတော်သမ္မတရုံးက ယနေ့ (မေလ ၂၅ ရက်) ညပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

play
နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ


စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းဟာ အဂတိလိုက်စားမှုနဲ့ ပတ်သက်ပြီးတိုင်ကြားခံထားရတဲ့သူဖြစ်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ အမြန်ဆုံး စစ်ဆေးနေတယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က အစောပိုင်းမှာ ပြောထားပါတယ်။

play
စီမံကိန်းနဲ့ဘဏ္ဏာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း


မေလ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးမှာ ဦးအောင်ကြည်က မီဒီယာတွေရဲ့မေးမြန်းမှုကို ဖြေကြားခဲ့တာ ဖြစ်ပြီး တိုင်ကြားစာက ကော်မရှင်သို့ မေလ ၃ ရက်မှာ ရောက်ရှိပြီး ၇ ရက်မှာ စတင်စစ်ဆေးခဲ့တယ်လို့ ဒီနေ့ထုတ် 7Day သတင်းစာမှာ ရေးသားဖော်ပြထားပါတယ်။

‘‘သက်သေယူရတာရှိတယ်။ သက်သေတွေ စစ်ရတာရှိတယ်။ စာရွက်စာတမ်းတွေ စစ်ရတာရှိတယ်။ အခုဆို ပြီးသလောက်ဖြစ် နေပြီ’’ဟု ဦးအောင်ကြည်က အမှု စစ်ဆေးမှုအခြေအနေကို ရှင်းပြပါတယ်။

play
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်


ထိုစဉ်က ဦးကျော်ဝင်းဟာ ရာထူးကနေ နုတ်ထွက်စာတင်ထားပြီး ပြည်ပသို့ ခရီးမသွားဖို့ တားမြစ်ခံထားရကြောင်းနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းမှာလည်း ရန်ကုန်မြို့ရှိ ဝန်ကြီးဦးကျော်ဝင်းရဲ့ နေအိမ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် က ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါသေးတယ်။

သမ္မတ ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်တဲ့အချိန်မှာ အဂတိလိုက်စား မှုတိုက်ဖျက်ရေးကို စိတ်အားထက်သန်ပြီး သမ္မတဖြစ်လာတဲ့အချိန်မှာလည်း အဂတိလိုက်စားမှုတွေကို အရှိန်မြှင့်တိုက်ဖျက်မယ်လို့ ကြွေးကြော်ထားကြောင်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD