AD
AD
AD
play


ပြည်တွင်းကုမ္ပဏီတွေမှာအလုပ်လုပ်ကိုင်နေတဲ့ ၀န်ထမ်းတွေနဲ့ နိုင်ငံတကာကုမ္ပဏီဝန်ထမ်းတွေရဲ့လစာက ပျမ်းမျှ ၆၀ ရာခိုင်နှုန်း ကွာဟချက်ရှိနေတယ်လို့ အလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ jobnet.com.mm က လေ့လာမှုစစ်တမ်းရလဒ်ကို ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီစစ်တမ်းကို မြန်မာနိုင်ငံကကုမ္ပဏီတွေရဲ့လူ့စွမ်းအားအရင်းအမြစ်ဌာနမှာ လုပ်ကိုင်နေတဲ့သူပေါင်း ၃၀၀ ကျော်ကို စစ်တမ်း ကောက်ယူ ခဲ့တာဖြစ်ပြီး နိုင်ငံတကာကုမ္ပဏီမှာ လုပ်နေတဲ့သူတွေရဲ့ ညွှန်ကြားရေးမှုးနဲ့ အထက် ရာထူးတွေက တစ်လကို ကျပ်သိန်း ၅၀ နီးပါး ရရှိနေကြပြီး ပြည်တွင်း ကုမ္ပဏီတွေမှာတော့ လစာသိန်း ၂၄ သိန်းဝန်းကျင်ပေးထားပြီး နိုင်ငံတကာကုမ္ပဏီတွေမှာ မန်နေဂျာအဆင့် ရာထူးတွေက လစာသိန်း ၂၀ နီးပါးနဲ့ ပြည်တွင်းကုမ္ပဏီတွေကတော့ လစာ ၁၂ သိန်းဝန်းကျင်ရရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတကာကုမ္ပဏီတွေမှာ အလုပ်စတင်ဝင်တဲ့သူတွေကို ကျပ် ၅ သိန်းဝန်းကျင် ပေးပေမယ့် ပြည်တွင်းကုမ္ပဏီတွေကတော့ ၃ သိန်းဝန်းကျင်သာပေးတယ်လို့ စစ်တမ်းက ပြောပါတယ်။

play


"မြန်မာနိုင်ငံရဲ့ပွင့်လင်းမြင်သာမှုတွေနဲ့အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဆက်တိုက်ဝင်ရောက်လာတာကြောင့် နိုင်ငံတကာကုမ္ပဏီတွေ တော်တော်များလာပါတယ်။ အဲ့ဒီကုမ္ပဏီတွေက ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်းတွေကို အများကြီး ဖန်တီးပေးပါတယ်။ စစ်တမ်းတွေအရ နိုင်ငံတကာကုမ္ပဏီတွေက လုပ်ငန်းကျွမ်းကျင်ပြီး ဘာသာစကားကောင်းကောင်းရရင် လစာငွေအများကြီးပေးဖို့ ၀န်မလေးဘူးဆိုတာ သိသာပါတယ်"လို့ Jobnet.com.mm ရဲ့ မန်းနေးဂျင်းဒါရိုက်တာ Matt De Luca က ပြောပါတယ်။

လုပ်ငန်းနယ်ပယ်အလိုက် လစာကွာခြားမှုတွေအနေနဲ့ အင်ဂျင်နီယာ၊ နည်းပညာပိုင်း နယ်ပယ်တွေမှာ ပျမ်းမျှလစာ ၆၅ ရာခိုင်နှုန်းအထိ၊ IT/Software & Hardware နယ်ပယ်တွေမှာ ပျမ်းမျှလစာ ၈၁ ရာခိုင်နှုန်းအထိ၊ မီဒီယာနဲ့ မားကတ်တင်း နယ်ပယ်တွေမှာ ပျမ်းမျှလစာ ၅၂ ရာနှုန်းအထိ၊ Sales and Business Development နယ်ပယ်တွေမှာ ပျမ်းမျှလစာ ၆၅ ရာခိုင်နှုန်းအထိ နိုင်ငံတကာကုမ္ပဏီဝန်ထမ်းတွေက ပြည်တွင်းကုမ္ပဏီ ဝန်ထမ်းတွေထက် လစာနှုန်းထားပိုရနေတယ်လို့ စစ်တမ်းမှာဖော်ပြထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD