Local: ဖိတ်စာနဲ့အတူလက်ဆောင်ရတဲ့ စမတ်ဖုန်းလေးလုံးကို ပြန်ပေးတဲ့ ဒီချုပ်ကိုယ်စားလှယ်တွေ

ကွန်ဒိုအရောင်းပြခန်း ဖွင့်ပွဲဖိတ်စာနဲ့အတူ Vivo အမျိုးအစားဖုန်းတွေကို လက်ဆောင်ပေးခဲ့တာပါ။

play

 

ကွန်ဒိုအရောင်းပြခန်း ဖွင့်ပွဲဖိတ်စာနဲ့အတူ လက်ဆောင်ပေးတဲ့ Vivo အမျိုးအစား ကျပ်သိန်းကျော်တန် စမတ်ဖုန်းလေးလုံးကို တနင်္သာရီတိုင်းဒေသကြီးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လေးဦးက လက်မခံဘဲ ပြန်ပေးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၅ ရက် ညက "လေးစားမြင့်မြတ်သော ဂုဏ်သိက္ခာအတွက် ရှင်သန်မွေးထုတ်ပေးခြင်း"ဆိုတဲ့ စကားလုံးကို ရွှေရောင်နဲ့ ရေးထိုးထားတဲ့ ဖိတ်စာနဲ့အတူ စမတ်ဖုန်းပါလာတာဖြစ်ပြီး မြိတ်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးပိုင်ဌေးက အခြားဒီချုပ်ကိုယ်စားလှယ်တွေဆီကို ဖုန်းဆက်အကြောင်းကြားခဲ့တယ်လို့ ဦးစိုးပိုင်ဌေးက 7Day Daily ကိုပြောပါတယ်။

play

 

ဇန်နဝါရီ ၆ ရက် မနက်မှပဲ အခြားကိုယ်စားလှယ်တွေဖြစ်တဲ့ မြိတ်တိုင်းဒေသကြီး အမှတ်(၂) ကိုယ်စားလှယ် ဒေါ်ရီရီချို၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့ ဒေါက်တာ လင်းဝေဖြိုးလတ်နဲ့ ဦးတင်ဝေ တို့ဆီကိုလည်း ဖိတ်စာနဲ့အတူ ဖုန်းတွေပါလာလို့ သုံးယောက်သား လက်ဘက်ရည်ဆိုင်မှာ ချိန်းပြီး ဖိတ်စာလာပို့တဲ့သူကိုခေါ်ပြီး ဖုန်းတွေ ပြန်ပေးလိုက်တယ်လို့ ဆိုပါတယ်။

play

 

‘‘သူတို့ကတော့ ဂါရဝပြု တယ်ပြောတာပေါ့။ အဲဒီလိုမျိုး ဂါရဝပြုတယ်ဆိုတာတွေ တိုင်းပြည်မှာ အရင်ကလည်းများခဲ့ပြီ။ တော်သင့်ပါပြီ’’လို့ ဦးစိုးပိုင်ဌေးက ပြောခဲ့ပြီး အဆိုပါကိစ္စကို ပါတီဌာနချုပ်ကို ဆက်လက်တင်ပြသွားမယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်မှာ လက်ခံခွင့်မရှိတဲ့ လက်ဆောင်ပစ္စည်းများ ပေးအပ်လာရင် ပေးအပ်တဲ့ လက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်ရန်၊ ပစ္စည်းကို လက်ခံလိုပါက ကာလပေါက်ဈေးကို ပေးအပ်သူထံ ပြန်လည်ပေးအပ်ရန်၊ ကြာရှည် အထားမခံသော ပစ္စည်းဖြစ်ဂရင် ဌာနတွင်း ဝန်ထမ်းတွေကို ဖြန့်ဝေပေးဖို့ သမ္မတရုံးက လမ်းညွှန်ထားပါတယ်။

Source : 7DayDaily

Photos :  Martin Swe Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ