Odd News: စာတိုက်ပုံးမှ နံပါတ်ကိုကြည့်ပြီး နေအိမ်မှားယွင်းဖြိုချ

အိမ်ပိုင်ရှင် စတိဗ်က ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး နေအိမ်ဖြိုချနေမှုကို ရပ်ဆိုင်းစေခဲ့ရပါတယ်။

play
အလုပ်သမားများက မှားယွင်းဖြိုချခဲ့သည့် နေအိမ်


သြစတြေးလျနိုင်ငံ ဆစ်ဒနေမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးရဲ့ နေအိမ်ကို အဆောက်အအုံဖြိုဖျက်ရေး ဝန်ဆောင်မှုကုမ္ပဏီမှ အလုပ်သမားတွေက မှားယွင်းဖြိုချခဲ့တယ်လို့ ဆိုပါတယ်။ စတိဗ်ဘောလက်စ်အမည်ရှိ စီးပွားရေးလုပ်ငန်းရှင်ဟာ လုပ်ငန်းခွင်မှာရှိနေစဉ် သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်ပြီး ၎င်းရဲ့နေအိမ်ကို ဖြိုချနေတယ်လို့ အကြောင်းကြားခဲ့တာပါ။

play
နံပါတ် ၂၀၀ ဟု ရေးသားဖော်ပြထားသည့် စာတိုက်ပုံးနှင့် နေအိမ်ဖြိုချထားမှုကို တွေ့ရစဉ်


စီးပွားရေးလုပ်ငန်းရှင်က မယုံနိုင်ဖြစ်ပြီး နေအိမ်ကို ပြန်လာကြည့်ခဲ့ရာ အမှန်တစ်ကယ် ဖြိုချထားပြီးဖြစ်တာ တွေ့ခဲ့ရပါတယ်။ အလုပ်သမားတွေ ဖြိုချရမယ့် နေအိမ်က ဘန့်စ်တောင်းမြို့ မာရီယွန်လမ်း အိမ်နံပါတ် ၂၀၀ ဖြစ်ပါတယ်။ ဖြိုချခံလိုက်ရတဲ့ စီးပွားရေးလုပ်ငန်းရှင်ရဲ့ နေအိမ်က အိမ်နံပါတ် ၁၉၈ ဖြစ်ပြီး အိမ်ချင်းကပ်လျက် တည်ရှိနေပါတယ်။

play
မှားယွင်းဖြိုချထားတဲ့ နေအိမ်


အိမ်ဖြိုမယ့် အလုပ်သမားတွေက စတိဗ်ရဲ့ နေအိမ်ရှေ့ရှိ စာတိုက်ပုံးက နံပါတ်ကိုကြည့်ပြီး မှားယွင်းမှုဖြစ်ခဲ့တာလို့ ဆိုပါတယ်။ စတိဗ်ရဲ့ နေအိမ်ရှေ့မှာထားရှိတဲ့ စာတိုက်ပုံးမှာ နံပါတ်ကို ၁၉၈ အစား ၂၀၀ လို့ မှားယွင်းဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။ အိမ်ပိုင်ရှင် စတိဗ်က ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ပြီး နေအိမ်ဖြိုချနေမှုကို ရပ်ဆိုင်းစေခဲ့ရပါတယ်။

play
ကပ်လျက်တည်ရှိနေတဲ့ ပုံစံတူ နေအိမ်များ


အမှန်တစ်ကယ် ဖြိုချရမယ့် နေအိမ်ရဲ့ အိမ်နံပါတ် ၂၀၀ မှာ မှေးမှန်ပျက်ပြယ်နေခဲ့ရာက အလုပ်သမားတွေက ဇဝေဇဝါဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ မြို့အုပ်ချုပ်ရေးအဖွဲ့ကလည်း နေအိမ်မှားယွင်းဖြိုချခဲ့ကြောင်း အတည်ပြုခဲ့ပြီး စတိဗ်ရဲ့နေအိမ်က အိမ်နံပါတ် ၁၉၆ နဲ့ ၂၀၀ ကြားမှာ တည်ရှိခဲ့ကြောင်း ပြောပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း သိရပါတယ်။
Source & Photo: news.com.au, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ